ရန်ကုန် ၊ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်ကို တိုက်ခိုက်ချိန် စစ်ကော်မရှင်နှင့်ပူးပေါင်းဆောင်ရွက်နေသော တရုတ်ဝမ်ပေါင်ကုမ္ပဏီအတွက် ထိခိုက် ပျက် စီးမှုများရှိလာလျှင် တာဝန်ယူမည် မဟုတ်ကြောင်း ဆားလင်းကြီး မြို့နယ်ပကဖမှ ပြည်သူ့ရေးရာ ဒုတာဝန်ခံ ကိုဇော်က သတိပေးပြောဆိုသည်။
တရုတ်ဝမ်ပေါင်ကုမ္ပဏီအနေဖြင့် စစ်တပ်နှင့် ပူးပေါင်းနေမှုကြောင့် စစ်တပ်ကို တိုက်ခိုက်ရင်း ထိခိုက်ပျက်စီးမှုအပေါ် ဆားလင်းကြီးပကဖက တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း ၊ အကြမ်းဖက်စစ်ကော်မရှင်အဖွဲ့နှင့် ပူးပေါင်းကာ အကျိုးအမြတ်ရယူနေသည့် ဝမ်ပေါင်ကုမ္ပဏီ၏ ကြေးနီ သယ်ယူပို့ဆောင်ရေး လမ်း ကြောင်းများကို စစ်တပ်က လုံခြုံရေးအမြဲပေးနေကြောင်း၊ တော် လှန်ရေး တပ်များအနေဖြင့် စစ်တပ်၏ လုံခြုံရေးလမ်း ကြောင်းများကို ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်လျက်ရှိပြီး အနာဂတ်တွင်လည်း ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ပကဖက အသိပေးထားသည်။
” သတင်းမီဒီယာတစ်ခုမှာ ဖော်ပြထားတာကြောင့် ပြည်သူတွေ အမြင်ရှင်းစေဖို့ပါ။ ဆားလင်းကြီး မြို့နယ်ပကဖ အနေနဲ့ တရုတ်ဝမ်ပေါင်ဆီကနေ ငွေကြေးတစ်စုံတစ်ရာ အထောက်အပံ့တစ်ခုခု လက် ခံထားတာမျိုး မရှိဘူးဆိုတာ သိဖို့လိုပါတယ်” ဟု ဆားလင်းကြီး မြို့နယ် ပကဖမှ ပြည်သူ့ရေးရာ ဒုတာဝန်ခံ ကိုဇော် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။
ဆားလင်းကြီးမြို့နယ်ပကဖ အနေဖြင့် အကြမ်းဖက်စစ်ကော်မရှင်နှင့်အကျိူးတူပူးပေါင်းလျက်ရှိသည့် တရုတ်ဝမ်ပေါင်ကုမ္ပဏီ၏ ကြေးနီထုတ်လုပ်မှု၊ ကြေးနီသယ်ယူမှုများကို မှတ်တမ်းများနှင့်တကွ NUG အစိုးရ ၊ ဝန် ကြီးဌာနအဆင့်ဆင့်ထံသို့ လစဉ်တင်ပြပေးလျက်ရှိကြောင်း၊ စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေမှုကြောင့် စစ်တပ်ကို တိုက် ခိုက်ရာတွင် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ထိခိုက်ပျက်စီးမှုအပေါ် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း ဆားလင်းကြီးမြို့နယ် ပကဖက ထပ်မံ သတိပေးသည်။
“ကြေးနီကတော့ နေ့ထိုင်းထုတ်လုပ်သယ်ဆောင်နေတာပါပဲ။ လအလိုက် ဘယ်လောက်သယ်တယ်။ ဘယ်လိုသယ်တယ် ဆိုတာကို မှတ်တမ်းနဲ့တကွ ကျနော်တို့ရဲ့ NUG အစိုးရ ၊ ဝန်ကြီးဌာန အဆင့်ဆင့် ကို တင်ပြထားပါတယ်။ ကြေးနီတင်ယာဉ်တန်းတွေနဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးဂိတ်စခန်းတွေကို ဆက်လက်တိုက်ခိုက်သွားမှာပါ။ ကျနော်တို့မြို့နယ်အတွင်းမှ မဟုတ်ဘူး။ သူတို့ထွက်တာနဲ့ လုပ်ခွင့် သာတဲ့နေရာမှာ တိုက်ခိုက်သွားမှာပါ၊ စခတပ်ကို လက်ခံထားလို့၊ စခတပ်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေလို့ စခတပ်ကို တိုက်ခိုက်ရင်း ထိခိုက်ပျက်စီးမှုအပေါ် တာဝန်ယူမှာမဟုတ်ပါဘူး” ဟု ကိုဇော်က ဆိုသည်။
စက်တင်ဘာလ ၁၉ ရက်နေ့ ထွက်ပေါ်လာသော သတင်းတစ်ခုတွင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်တပ်နှင့် အကျိုးတူပူးပေါင်း ကုမ္ပဏီ ဝမ်ပေါင်အနေဖြင့် စီမံကိန်းနေရာများ တိုက်ခိုက်ခြင်းမခံရစေရန် တော် လှန်ရေးတပ်ဖွဲ့အချို့ထံသို့ ငွေကြေးဖြင့် ကမ်းလှမ်းပေးကမ်းကာကွယ်ခဲ့ကြောင်း၊ ထိုသို့ ကမ်းလှမ်း မှုကို ရယူသည့်အဖွဲ့အစည်းများရှိပြီး ငြင်းပယ်သော အဖွဲ့အစည်းများလည်းရှိကြောင်း သတင်းဖော်ပြခဲ့သည်။
ဓာတ်ပုံ- တရုတ်ဝမ်ပေါင်ကုမ္ပဏီ၏ မြေယာသိမ်းဆည်းမှုများအတွက် လုံခြုံရေးယူပေးနေသော အကြမ်းဖက်စစ်တပ် လက်အောက်ခံရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- AP။
