25 C
Yangon

ကရင်နီတွင် စစ်တပ်က ဖရူဆိုမြို့မှ ဘောလခဲသို့ စစ်ကြောင်းထိုးရန် ဦးတည်နေ၍ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲလမ်းကို KNDF က ပိတ်ပင်၊ ဘောလခဲတွင်လည်း တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၃

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့သို့ ရောက်ရှိသွားသည့် စစ်တပ် စစ်ကြောင်းက ဘောလခဲဘက်သို့ ဦး တည်နေသောကြောင့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးကို ရက် အကန့်အသတ်မရှိပိတ် ထားမည်ဖြစ်ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

၂၀၂၅ ခုနှစ် ၊ သြဂုတ်လမှစ၍ စစ်တပ် စစ်ကြောင်းများမှာ ဒီးမော့ဆိုမှ ဖရူဆိုမြို့သို့ လမ်းမကြီး တစ်လျှောက် ထိုးစစ် ဆင်လာခဲ့သောကြောင့် ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားခြင်းနှင့်အတူ စစ်ယာဉ်တန်းအချို့မှာ ဖရူဆိုမြို့အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ဝင်ရောက်နိုင်မှုကြောင့် ဖရူဆိုမြို့နယ်ရှိ စစ်တပ် စစ်ကြောင်းအချို့မှာ ရိက္ခာ ၊ ခဲယမ်း ၊ လူအင်အား ဖြည့်တင်း၍ စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်ကာ ဘောလခဲလမ်းမကြီးဖက် သို့ ဦးတည်၍ စစ်ရေးလှုပ်ရှားမှုများ ရှိလာသဖြင့် ကရင်နီတော်လှန်ရေးတပ်များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“ဒီးမော့ဆို-ဖရူဆိုကြားကတော့ တိုက်ပွဲတွေနေ့တိုင်းနီးပါးရှိတယ်၊ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား အချို့တော့ ထိခိုက်သေဆုံးမှုရှိနိုင်တယ်၊ အရေအတွက်ကိုတော့ အတိအကျ ပြောရခက်တယ်၊ စစ် ကောင်စီရဲ့ယာဉ်တန်းမှာအနည်းဆုံး ကား ၂ စီးလောက်ကတော့ ပျက်စီးမှုရှိတယ်။ စစ်ကောင်စီ တပ်က ဖရူဆိုကို ရောက်သွားတာက ပြီးခဲ့တဲ့ သုံးလေးရက်လောက်ကတည်းက ရောက်သွားတာ ဖြစ်ပါတယ်။ စစ်ကောင်စီက ဖရူဆိုမြို့နယ်ကနေ ဘောလခဲဘက်ကို ဦးတည်ပြီးတော့ စစ်ရေးလှုပ် ရှားမှုတွေကို ပြင်ဆင်နေတဲ့အတွက် ဖရူဆိုမြို့နယ်အတွင်းမှာ တော် လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ တာတွေရှိပါတယ်။” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ကြောင့် ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့မှစ၍ မိဘပြည်သူများအနေဖြင့် လွိုင်ကော်- ဒီးမော့ဆို – ဖရူဆို – ဘောလခဲ လမ်းမကြီးနှင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးအပါအဝင် လမ်းမကြီးအပေါ် ဖြတ်သန်းသွားလာရသည့် လမ်းသွယ်များအားလုံးကို ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့မှစ၍ ရက် အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ပြီး အသုံးပြုသွားခြင်းမပြုလုပ်ကြရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် ကရင်နီပြည်နယ်၊ ဘောလခဲဘက် မှ ဖားဆောင်းဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၅ ဦးသေဆုံးခဲ့ကြောင်း ကရင်နီဒေသ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဘောလခဲဘက်မှ ဖားဆောင်းဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသော အင် အား ၁၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားသောကြောင့် ဘောလခဲဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့က ဒီကောင်တွေ စစ်ကြောင်းထိုးလာတာကို သိလို့ ကင်းထိုင်ထားရင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ စစ်ခွေး အင်အားက ၁၀၀ နဲ့ စစ်ကြောင်းထိုးလာတာကို ကျွန်တော်တို့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲခွေး စစ်ကြောင်းက ဘောလခဲကနေ ဖားဆောင်းဘက်ကို သွားမယ့် စစ်ကြောင်းဆိုတာတော့ သိတယ်။ ဒီကောင်တွေ ဘယ်က ထွက်လာလည်းဆိုတာတော့ မသိဘူး။ ကျွန်တော်တို့ဘက်က ၂ ယောက် ထိခိုက်ဒဏ်ရာရတယ်။ စစ်ခွေးသေစာရင်းကတော့ ခန့်မှန်းခြေ ၂၅ နဲ့ ၃၀ ကြား သေတယ်” ဟု ကရင်နီဒေသ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို KNDF နှင့် နေပြည်တော် PDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ် စစ် ကြောင်းများ ထပ်မံ လှုပ်ရှားနေသောကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- ကရင်နီဒေသတွင် ချေမှုန်း တိုက်ခိုက်ခံခဲ့ရသော စစ်တပ်ယာဉ်တန်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article