ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အထောက် အထားအစုံအပြည့်အစုံဖြင့် ပန်းရံလုပ်ကိုင်နေသည့် တရားဝင် မြန်မာအလုပ်သမား ၁၀ ဦးမှာ အလုပ်ရှင်က လုပ်အားခ ၂ လစာ ထိုင်းဘတ်ငွေ ၂ သိန်းကျော် မပေးသည့်အတွက် တိုင်ကြားလာကြောင်း MHAC မဟာမိတ်အဖွဲ့ မှ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ မြန်မာ အလုပ်သမားများ လုပ်အားခ မရရှိသည်မှာ ၂ လခန့် ကြာမြင့်နေပြီ ဖြစ်ကာ ထမင်းစားရုံသာ အလုပ်ရှင်က ပေးကြောင်း၊ ထိုသို့ လုပ်အားခများ မရရှိသည့်အတွက် မြန်မာအလုပ်သမား ၁၀ ဦးက အကူအညီတောင်းခံလာခြင်း ဖြစ်ကြောင်း သိရှိရသည်။
“အဓိကကတော့ သူတို့ လုပ်အားခမရတာပေါ့နော်။ အလုပ်သမား ၁၀ ဦး လာတိုင်တာ ။ တခြားသူတွေလည်း ရှိသေးတယ် မရတာ။ အနည်းဆုံး ဘတ် ၂ သိန်းကျော်လောက်ရှိတယ်။ ဒီကြားထဲမှာ သူတို့ ကြိုငွေလို့ ခေါ်တဲ့ ၄၀၀ ပေး၊ ၅၀၀ ပေး ထုတ်တာ။ ၁၀၀၀ တောင် မရဖူးဘူး။ သူတို့ကို ထမင်းစားရုံလောက်ပဲ ထုတ်ပေးထားတာ။ အားလုံးပေါင်းလိုက်တော့ ၂လလောက်ဆိုတော့ ဘတ် ၂ သိန်းကျော် ဖြစ်သွားတယ်။ ဘယ်လိုမှ မရနိုင်တော့ဘူးဆိုတာ သိတော့ ကိုရဲမင်းတို့ဆီ အကူအညီလာတောင်းတာ။ ဒါ ညှိနှိုင်းလို့ရတဲ့ အခြေအနေ မဟုတ်ဘူး ဒါ အမှုဖွင့်တိုင်ကြားမှ ရမယ်ဆိုပြီးတော့ ရုံးမှာ အမှုဖွင့် တိုင်ကြားပေးတာပါ”ဟု အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်ရှိအချိန်တွင် MHAC မဟာမိတ်အဖွဲ့ ရုံးတာဝန်မှူးများက သက်ဆိုင်နယ်မြေခံ ထိုင်းအစိုးရအလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆဝါဒီကန်) အမှတ် ၂ ရုံးတွင် လုပ်အားခများ မပေးချေသော လုပ်ငန်းရှင်ကို အလုပ် သမားများနှင့်အတူ အမှုဖွင့် တိုင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
“အခုလို အမှုဖွင့်တိုင်ကြားထားတယ်ဆိုပေမယ့် ဒီ လုပ်အားခက အခုချက်ချင်းမရသေးဘူး။ အလုပ်ရှင်လာတဲ့ အချိန် ချက်ချင်းပေးမှာလား မပေးရင် လိုအပ်တဲ့ အလုပ်သမား တရားရုံးတက်ဖို့အထိ ၊ ဥပဒေတိုင်း သွားဖို့အထိ ဆက်လုပ်ရမှာ ဖြစ်တယ်။ သူ့အနေနဲ့ စဝါဒီကန်မှာ ချက်ချင်းဖြေရှင်းပေးမယ်၊ ဘယ်နှရက်နေရင် ဖြေရှင်းပေးမယ်လို့မျိုး လာပြီးတော့ တာဝန်ယူမယ်ဆိုရင်တော့ နောက်တစ်ဆင့် ဥပဒေအတိုင်းဆက်သွားစရာမလိုဘူး။ လောလောဆယ်တော့ ကနဦး တိုင်ကြားခြင်း အစီအစဉ်စတာပေါ့။ ဒီရက်ပိုင်းကို အလုပ်ရှင်ကို ခေါ်ထားတယ်။ မပေးရင် ဥပဒေအတိုင်း ဆက်သွားမှာ” ဟု အေအေစီ ကိုရဲမင်းက ပြောပြသည်။
ထိုင်းရောက် တရားဝင် မြန်မာအလုပ်သမားများ လုပ်ခလစာမရရှိခြင်း၊ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရခြင်းနှင့် လုပ်ငန်းခွင် ဖိနှိပ်ခံရခြင်းများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ အလုပ်သမားဝန်ကြီးဌာန နှင့် MHAC မဟာမိတ်အဖွဲ့တို့က ပူးပေါင်း ဖြေရှင်းပေးလျက်ရှိကြောင်း သိရှိရသည်။
