မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှောပင်ရွာ တောဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများနှင့် မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၁ မိနစ်ခန့်မှ စတင်ပြီး မြိုင်မြို့နယ်၊ နှောပင်ရွာ တောဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
” ပခုက္ကူ တပ်မ ၁၀၁ က တက်လာတဲ့ စက်တပ်လေထီး ၂ စီးက ဒီနေ့ မွန်းလွဲ ပိုင်းမှာ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ မြိုင်မြို့နယ် အရှေ့တောင်ခြမ်း နှောပင်ရွာ တောဘုန်းကြီးကျောင်း အနီးကို ကျဲချ တိုက်ခိုက်သွားတာပါ။ ပြည်သူတွေတော့ ထိခိုက်မှုမရှိပါဘူး” ဟု မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်-ပခုက္ကူမြို့နယ်-ရေစကြို မြို့နယ် အစပ်ကိုလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ၂ ရက်ဆက် စစ်ကြောင်းထိုး မီးရှို့နေ၍ ကျေးရွာ ၁၁ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း၊ လက်ရှိချိန်တွင် စစ်တပ်သည် မြေပြင် စစ်ကြောင်းအပြင် လေကြောင်းဖြင့်ပါ ပြည်သူများကို ပစ်မှတ်ထား ဗုံးကျဲ သတ်ဖြတ်နေခြင်းဖြစ်ကြောင်း သိရသည်။


