အကြမ်းဖက် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီက အမတ်လောင်းအရေအတွက် ၁၀၀၀ ကျော်ဖြင့် အများဆုံး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၈ ရက်နေ့မှ စက်တင်ဘာလ ၂၂ ရက်နေ့အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရန် စစ်တပ်က သတ်မှတ်ခဲ့ပြီးနောက် နိုင်ငံရေးပါတီ ၅၇ ခုနှင့်တသီးပုဂ္ဂလွှတ်တော် အမတ်လောင်းအရေအတွက် ၄၉၆၃ ဦး တင်သွင်းခဲ့ကြောင်း၊ ယင်းတို့ထဲတွင် ကြံ့ဖွတ်ပါတီက ၁၀၁၈ ဦးဖြင့် အများဆုံးယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ကြံ့ဖွတ်ပါတီက ပြည်သူ့လွတ်တော်တွင် အမတ်လောင်း ၂၆၅ ဦး၊ အမျိုးသားလွှတ်တော်တွင် အမတ်လောင်း ၁၅၆ ဦး၊ တိုင်း/ပြည်နယ် လွှတ်တော်တွင် အမတ်လောင်း ၅၆၉ ဦး ၊ တိုင်းရင်းသားလူမျိုးစု လွှတ်တော်တွင် ၂၈ ဦး စုစုပေါင်း အမတ်လောင်း ၁၀၁၈ ဦးပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲတွင် အများဆုံးယှဉ်ပြိုင်သော်လည်း မဲဆန္ဒနယ်အပြည့် ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ တချို့သော မဲဆန္ဒနယ်များတွင် လုံခြုံရေးအခြေအနေကြောင့် လက်လွှတ်ထားကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
“တချို့နေရာတွေတော့ လုံခြုံရေး ခက်လို့ လက်လွှတ်လိုက်ရတဲ့နေရာတွေရှိတယ်။ အဲဒီနေရာတွေက ရွေးကောက်ပွဲ ကျင်းပဖို့ ကြေညာထားပေမယ့် ဖြစ်ဖို့ ခက်ပါတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်ကဆိုသည်။
စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်း ယှဉ်ပြိုင်မည့်ပါတီ ၆ ပါတီနှင့် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်နိုင်ငံရေးပါတီ ၅၁ ခုနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ကြောင်း သိရှိရသည်။
စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) က ကိုယ်စားလှယ်လောင်း ၆၉၄ ဦး၊ သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) က ကိုယ်စားလှယ်လောင်း ၆၇၂ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ကိုယ်စားလှယ်လောင်း ၅၈၄ ဦး၊ ကိုကိုကြီး၏ ပြည်သူ့ ပါတီက ကိုယ်စားလှယ်လောင်း ၅၁၂ ဦး၊ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက် ရေးပါတီက ကိုယ်စားလှယ်လောင်း ၄၂၈ ဦး ၊တိုင်း/ပြည် နယ်များတွင် ယှဉ်ပြိုင်မည့် ဒေသဆိုင်ရာ နိုင်ငံရေးပါတီ ၅၁ ပါတီက ကိုယ်စားလှယ်လောင်း ၉၆၀ ဦးနှင့် တစ်သီးပုဂ္ဂ လ ကိုယ်စားလှယ်လောင်း ၉၅ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
