ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ တန်ဖိုး မဖြတ်နိုင်သည့် ခေါင်းဆောင်တစ်ဦးဖြစ်
ရန်ကုန်၊ စက်တင်ဘာ ၂၇
မြန်မာနိုင်ငံတွင် စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးနှင့် ခိုင်မာသည့် နိုင်ငံရေးပဋိညာဉ်များ ရရှိလာရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ၏ ပါဝင်ဆောင်ရွက်မှုမှာ ပြည်ထောင်စုအတွက် အထူးအရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။
ယနေ့ ကျရောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၃၇ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
ယနေ့ နွေဦးတော်လှန်ရေးသည် ခေတ်အဆက်ဆက် ဒီမိုကရေစီလှုပ်ရှားမှု၏ အဆက်ဖြစ်ကြောင်း ၊ ယင်းအခြေအနေတွင် NLD ပါတီ ကာယကံမြောက်မြှုပ်နှံခဲ့သော နိုင်ငံရေးပါတီကြီးဖြစ်ကြောင်း၊ လူထုက NLD ပါတီ၏ ဦးဆောင်မှုကို ဆက်လက် အလိုရှိနေဆဲဖြစ်ကြောင်း သူက ဆိုသည်။
“နွေဦးတော်လှန်ရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထည့်ဝင်မြှုပ်နှံခဲ့တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုရဲ့ ဆင့်ကဲလှိုင်းတစ်ခုဖြစ်ပါတယ်။ ဒါကို ယခု ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းဦးဆောင် ရှေ့ဆက်နေကြ ပါတယ်။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သမိုင်းပေးတာဝန်တွေကို ဆက်လက်ထမ်းရွက်နေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ရေးအပါအဝင် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် အထောက်အပံ့ပေးတဲ့ (အတုအယောင်ရွေးကောက်ပွဲလို) လုပ်ရပ်တွေကို ဆန့်ကျင်တဲ့နေရာမှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နွေဦးတော်လှန်ရေးအင်အားစုအားလုံးနဲ့ တစ်သားတည်း တည်ရှိပြီး ဦးဆောင်ဦးရွက်ပြု ပါဝင်နေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်လာအောင် ဆက်လက်ကူညီပေးဖို့ မေတ္တာရပ်ခံချင် ပါတယ်။ လူထုလွတ်လပ်ခွင့်အတွက် အာမခံချက်ရှိတဲ့ အခြေအနေကို ဖန်တီးဖို့အတွက် သမိုင်းအစဉ်အလာကြီးမားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်ပါဝင်မှုကို ပြည်သူတစ်ရပ် လုံးက ဆက်လက် အလိုရှိနေကြပါတယ်” ဟု ယာယီသမ္မတက ပြောဆိုသည်။
ထို့ပြင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍသည် အရေးကြီးပြီး နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သော ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ကြိုးပမ်းနေကြဆဲ ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အကြောင်း ပြောဆိုရာမှာ ကျွန်တော်တို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို မေ့ထား/ ဖျောက်ထားလို့ မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီရဲ့ အဖွဲ့ခေါင်းဆောင်ဆိုတာထက်ပိုပြီး နိုင်ငံရဲ့ အဖိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာ ကျွန်တော်တို့ လေးစားအားကျတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်မင်းအောင်လှိုင်နှင့် စစ်အုပ်စုက မတရားဖမ်းဆီးချုပ်နှောင် ခံထားလျက် ရှိပါတယ်။ ကျွန်တော်တို့အားလုံးအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် မတရား ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားများအားလုံး လွတ်မြောက်ရေးကို ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။ ဒီလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီခေါင်းဆောင်များ မတရားဖမ်းဆီး ထိန်းသိမ်းခံ ထားရချိန် ပါတီကို ဦးဆောင်နေတဲ့ တာဝန်ရှိသူများအနေနဲ့လည်း ဒီလိုခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးကာလမှာ ပါတီကို စုစည်းအောင် လုပ်ဆောင်နိုင်တဲ့အတွက် နွေဦးတော်လှန်ရေး တစ်ခုလုံးအတွက် ခွန်အားဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု သမ္မတက ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပါတီ၏ သက်တမ်းမှာ ၃၇ နှစ်အထိရှိလာပြီဖြစ်သည်။
