ရန်ကုန်၊ စက်တင်ဘာ ၂၈
ရခိုင်ဒေသနှင့်ဆက်စပ်နယ်မြေများတွင် စစ်တပ်နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေချိန် ARSA ၏ တိုက်ခိုက်မှုများ ကြုံနေရကြောင်း အာရက္ခတပ်တော်- AA က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။
စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ ARSA အဖွဲ့က ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်မှတ်တိုင် ၅၆ နှင့် ၅၇ အကြား ပွိုင့် ၆၀၁ ကုန်းရှိ AA နယ်စပ်လုံခြုံရေးတပ်စခန်းနှင့် အခြားစခန်းဖြစ်သော ဒုံးညိုစခန်းကို သိမ်းပိုက်ရန် ရည်ရွယ်ထားသော တိုက်ခိုက်မှုမျိုး ပြုလုပ်မည့် အရိပ်လက္ခဏာများ ဆက်တိုက်တွေ့ရှိလာရကြောင်း၊ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၁၂ မိနစ်အချိန်မှစတင်၍ ပွိုင့် ၆၀၁ စခန်းကို ARSA က စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ARSA က ပွိုင့် ၆၀၁ စခန်း၏ ပထမအဆင့်ရှိ မိမိတို့ အသုံးမပြုသော အဆောင်ပျက်များ နေရာသို့ အင်အားအနည်းငယ် ခေတ္တဝင်ရောက် နိုင်ခဲ့သော်လည်း AA ၏ တန်ပြန်ထိုးစစ်၊ ခုခံစစ်များကြောင့် ARSA တပ်ဖွဲ့က ၄ ရက်မြောက်နေ့တွင် အသုတ်လိုက် ထွက်ပြေးသွားကြောင်း၊ ထွက်ပြေးသွားသူများကို လိက်လံရှင်းလင်းစဉ် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
စက်တင်ဘာလ ၂၇ ရက်နေ့အထိ AA နှင့် ARSA အဖွဲ့တို့အကြား ပွိုင့် ၆၀၁ စခန်းပတ်ဝန်းကျင်တွင်လည်းကောင်း၊ ထွက်ပြေးသွားသော ARSA အဖွဲ့ဝင်များနှင့်လည်းကောင်း နေရာ ၆ ခုတွင် ထိတွေ့တိုက်ခိုက်မှု စုစုပေါင်း ၁၂ ကြိမ်အထက်ဖြစ်ပွားခဲ့ကြောင်း၊ ARSA တပ်ဖွဲ့ဝင် အလောင်းတချို့၊ စစ်အသုံးအဆောင်များနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ဘင်္ဂလားဒေ့ရှ်-အာရက္ခနယ်စပ်ကားလမ်း ၊ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းတွင် ခြုံခိုနေရာယူထားသော ARSA တပ်ဖွဲ့၏ ခြုံခိုတိုက်ခိုက်ခဲ့မှုကြောင့် AA တပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ARSA အဖွဲ့မှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ အရာရှိတချို့၏ ထောက်ခံအားပေးမှုများနှင့်ပူးပေါင်းဆောင်ရွက်မှုများရရှိထားပြီး စစ်ရေးနှင့်ထောက်ပံ့ရေး အကူအညီများကို အပြည့်အ၀ ရယူထားရုံသာမက ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်စခန်းများ အနီးတွင်ပင်ARSA စခန်းများကို အခိုက်အမာ အခြေစိုက် တပ်စွဲခွင့်ရရှိထားကြောင်း၊ ယင်းအခြေပြုနေရာများမှတစ်ဆင့် ရခိင်ပြည်အတွင်းသို့ ဝင်ရောက် လှုပ်ရှားလျက်ရှိသည်ဟု AA က ထုတ်ပြန်သည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နှင့်ရခိုင် နယ်စပ်ဒေသမှ လက်နက်ကိုင်များက ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ကာ AA စစ်ယူနီဖောင်းများ ဝတ်ပေးပြီး AA တပ်ဖွဲ့ဝင်များ ကျဆုံးသွားသည်ဟု ဝါဒဖြန့်လျက်ရှိကြောင်း ၊ စက်တင်ဘာလ ၁၆ ရက်နေ့ မောင်တောနယ်စပ်မှ တမန်းသားရွာနှင့် ဒုံးညိုရွာမှ ရွာသား ၁၀ ဦးခန့်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ်တစ်လျှောက်တွင် နေထိုင်ကြသော ရခိုင်အပါအဝင် အခြားသော မျိုးနွယ်စုတချို့ကို ARSA နှင့် RSO က သတ်ဖြတ်သော ဖြစ်စဉ် ၃ ခုအထက်တွင်ရှိနေကြောင်း AA က ဆိုသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ARSA အပါအဝင် လက်နက်ကိုင်များ ခွင့်ပြု ထောက်ပံ့ကူညီ အားပေးအားမြှောက်ပြုနေသော ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ အရာရှိတချို့ကို အမြန်ဆုံး ဖော်ထုတ်အရေးယူသင့်ကြောင်း၊ အရေးယူထိန်းကျောင်းမှု မရှိလျှင် နှစ်ဖက်နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ဆက်ဆံရေးတို့ကို ထိခိုက်စေနိုင်ကာ နှစ်ဖက်တင်းမာမှုများ ပိုမိုမြင့်တက် လာနိုင်ဟု AA က သတိပေးပြောဆိုထားသည်။
ဘင်္ဂလားဒေ့ရှ်- အာရက္ခနယ်စပ်တွင် ARSA နှင့် RSO အဖွဲ့များ တကျော့ပြန်စခန်းထလာမှုကြောင့် ရခိုင်ပြည်နေ ပြည်သူလူထု တစ်ရပ်လုံး၏ လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်စေသည်သာမက ဒေသတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၊ လာရောက်ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြားသားများ၏ လုံခြုံရေးနှင့် အသက်အန္တရာယ်ကိုပါ သွယ်၀ိုက်ခြိမ်းခြောက်နေကြောင်း၊ နိုင်ငံ တကာအနေဖြင့်လည်း ၀ိုင်းဝန်း စောင့်ကြပ် ထိန်းသိမ်းပေးရန်၊ ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့်လည်း နှစ်ဖက် ပြေလည်စေမည့် နည်းလမ်းများကို အမြန်ဆုံးရှာဖွေပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ဦးစားပေး လုပ်ဆောင်သင့်ကြောင်း AA က ထုတ်ပြန်သည်
