ဒီကနေ့ စက်တင်ဘာ ၃၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
တနင်္သာရီတိုင်း၊ ထားဝယ်မြိုနယ်မှာ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးတဲ့အချိန် မပြေးနိုင်တဲ့ ပြည်သူတွေကို ပစ်သတ်ပြီး ရွာလုံးကျွတ် မီးရှို့ခဲ့တဲ့အကြောင်းကို အလင်းဝင်လာတဲ့တပ်သား မောင်ဝေ ဆိုသူက ဝန်ခံထားပြီး PDF ၁၂ ဦးလောက်နဲ့သာ ခုခံတိုက်ခိုက်မှုကို အင်အားရာချီတက်လာပြီဆိုပြီး စစ်တပ် စစ်ကြောင်း တစ်ခုလုံး ထွက်ပြေးခဲ့ကြတဲ့အကြောင်းတွေကိုပါ ဝန်ခံထွက်ဆိုထားပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင် လှုပ်ရှားနေတဲ့ ရန်ကုန်မြို့က ဗဟန်းမြို့မ ရဲစခန်းကို မြို့ပြတော်လှန်ရေးရဲဘော်တွေက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့တာဝန်ခံက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အကြမ်းဖက် စစ်တပ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေရဲ့ ကျေးရွာတွေ ၊ ဗလီတွေ ၊ မြေယာ၊အိုးအိမ်၊ ပိုင်ဆိုင်မှုတွေကို စနစ်တကျ ဖျက်ဆီးပြီး နယ်ခြားစောင့်တပ်စခန်းတွေ ဆောက်လုပ်ခဲ့သလို ၊ အကျိုး အမြတ်ရယူခဲ့တဲ့ အဖွဲ့တွေထဲမှာ Asia World ကုမ္ပဏီ နဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ အပါအဝင် စီးပွားရေးလုပ်ငန်းတွေ ပါဝင်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
