မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက်အပေါ် ယုံကြည်မှု ပြန်ရရှိစေရန် အာဆီယံက ဆက်လက်ကြိုးပမ်းမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan ကပြောဆိုသည်။
စက်တင်ဘာလ ၂၇ ရက်နေ့ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် တည်ငြိမ်ရေးနှင့် လုံခြုံမှု ပြန်လည်ရရှိရေး လုပ်ဆောင်ချိန် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုလည်း ယုံကြည်မှု ပြန်လည် ရရှိစေရန် အာဆီယံက လုပ်ဆောင်ရမည်ဟု ပြောဆိုသွားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် သဘောတူညီထားသည့် အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားသည့်အတွက် အချို့နေရာများတွင် အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားကြောင်း၊ အကြမ်းဖက်မှုများကြောင့် အရပ်သားများကို ဆက်လက်အန္တရာယ်ပြုနေခြင်းအပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan က အလွန်စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုသည်။
“အာဏာချုပ်ကိုင်ထားသူတွေအနေနဲ့ မြန်မာနိုင်ငံက သီးခြားပိတ်ဆို့ထားတဲ့နိုင်ငံမဟုတ်ဘဲ ဒေသတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာ အမှတ်ရဖို့ တာဝန်ရှိပါတယ်။ မြန်မာ့ အကျပ်အတည်းကို မြန်မာတွေ ကိုယ်တိုင် ဦးဆောင်ပြီး ကိုယ်ပိုင် ဖြေရှင်းမယ်ဆိုရင် ပြည်သူတွေအားလုံး တောက်ပပြီး လုံခြုံတဲ့ အနာဂတ် ရှိလာမှာပါ” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောဆိုသည်။
အာဆီယံအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို အာမခံပြီး လုံခြုံရေး အားကောင်းစေရေး၊ စီးပွားရေး ကြံ့ကြံ့ခံနိုင်ရည်ကို မြှင့်တင်ရေးနှင့် ဒေသတွင်း ရေရှည်တည်တံ့ရေး ပန်းတိုင်များ မြှင့်တင်ရေးတို့တွင် ဒေသတွင်း အစုအဖွဲ့တစ်ခုအနေဖြင့် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
လက်ရှိတွင် မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေပြီး မြန်မာ့အရေးအတွက် ထင်သာမြင်သာရှိသော ဖြေရှင်းမှုမျိုး ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပေ။
