မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို လွှတ်ပေးရန် ဂျပန်အစိုးရ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Takuma Miyaji ကတောင်းဆိုလိုက်သည်။
ယမန်နေ့ အောက်တိုဘာ ၁ ရက်နေ့ မွန်းလွဲပိုင်း ဂျပန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Takuma Miyaji က မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပံ့ပိုးကူညီနေသော ဂျပန်ပါလီမန်အဖွဲ့နှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
ဂျပန်ဒုတိယဝန်ကြီး Miyaji က မြန်မာနိုင်ငံတွင် ဆိုးရွားနေသည့် အခြေအနေနှင့် ပတ်သက်၍ အလေးအနက် စိုးရိမ်ကြောင်း ၊ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းခံထားရသူများကို လွှတ်ပေးရန်နှင့် ဒီမိုကရေစီ နိုင်ငံရေး စနစ်သို့ အမြန်ဆုံး ပြန်လည်ထူထောင်ရန် မြန်မာစစ်တပ်ကို တိုက်တွန်းကြောင်း ပြောဆိုသွားသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ထောက်အကူပြု ဂျပန်ပါလီမန်အဖွဲ့က စက်တင်ဘာ ၃၀ ရက်နေ့ ကျင်းပခဲ့သည့် ဂျပန်လွှတ်တော်၏ မြန်မာ့အရေးအစည်း အဝေး ဆွေးနွေးချက်များအပေါ် အခြေခံ၍ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး အားကောင်းလာစေရေး ကူညီဆောင်ရွက်ပေးရန် တောင်းဆိုစာကို ဂျပန်အစိုးရထံသို့ ပေးအပ်ခဲ့သည်။
ယင်းအပြင် တွေ့ဆုံမှုတွင် ဂျပန် ဒုတိယ၀န်ကြီး Miyaji က မြန်မာနိုင်ငံရှိ ပြည်သူများ၏ အခက်အခဲများကို ကူညီပံ့ပိုးပေးမည်ဖြစ်ပြီး မြန်မာ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှု တိုးတက်ကောင်းမွန်လာစေရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တက်ကြွစွာ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်း၍ မြန်မာ့အကျပ်အတည်းကို ဖြေရှင်း ကျော်လွှားနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
