25.4 C
Yangon

မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ်၊ မင်းတပ်မြို့၊နှင့် နမ့်ဆန်မြို့တို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူများ ထိခိုက်ဒဏ်ရာရပြီး ပျက်စီး ဆုံးရှုံးမှုများရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ ဟုန်းဟုန်း ဟိုတယ်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိကြောင်း CDF မင်းတပ်က သတင်းထုတ်ပြန်ထားသည်။

ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးသည် မင်းတပ်မြို့ပေါ်ရှိ ဟုန်းဟုန်း ဟိုတယ်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၃ ဦး ထိခိုက်မှုရှိပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ဟိုတယ် အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် အစပ်ကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးများဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၇ နာရီ ကျော်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်၏ ပခုက္ကူလေတပ်မှ တက်လာသော စက်တပ်လေထီးများဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ပြီး ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယမန်နေ့ကလည်း အကြမ်းဖက် စစ်တပ် ဂျက်ဖိုက်တာ၊ စက်တပ်လေထီး အပါအဝင် Gyrocopter များဖြင့်ပါ ပေါက်၊ ထီးလင်းနှင့် မြိုင်မြို့နယ်ရှိ ကျေးရွာများကို ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ပေါက်မြို့နယ်နှင့်မြိုင်မြို့နယ် အစပ်ရှိကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ပေါက်နဲ့မြိုင်မြို့နယ် အစပ်ကို စစ်ခွေးတွေက ၂ ရက်ဆက်ကို လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်နေတာပါ။ ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ အခုချိန်ထိ ကျဲနေတုန်းပဲ ပြည်သူတွေ ရွာလုံးကျွတ် ပြေးနေရတော့ ထိခိုက်မှု အခြေအနေ ကို အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့ မွန်းလွဲပိုင်း ၁၂ နာရီ ၂၈ မိနစ်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဖြစ်စဥ်အသေးစိတ်အချက်အလက်များ ဆက်လက် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article