ရန်ကုန်၊ အောက်တိုဘာ ၄
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ပျူသောထီး ခေါင်းဆောင် ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း Taze People’s Defence Force က ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း စစ်တပ် စစ်ကြောင်းတွင် လိုက်ပါလာသော ပျူစောထီး ခေါင်းဆောင် ၁ ဦးကို တန့်ဆည် PDF တပ်ဖွဲ့က အရှင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁ ရက်နေ့တွင် တန့်ဆည်မြို့နယ်အတွင်းရှိ တနယ်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကိုလည်း ဝင်ရောက် မွှေနှောက်ခဲ့ပြီး ဆန်များကို တန့်ဆည်မြို့အတွင်းသို့ ရိက္ခာအဖြစ် ယူဆောင်သွားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ခပေါင်းကြိုင်ရွာ စာသင်ကျောင်းကိုလည်း ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ ဖျက်ဆီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း အဆောက်အဦးများ ထိမှန်ပျက်စီးခဲ့ကြောင်း၊ ထို စစ်ကြောင်းသည် အောက်တိုဘာလ ၃ ရက်နေ့တွင် ကန့်ဘလူနမြို့နယ် အတွင်းကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
ထို့ပြင် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် အမှတ်(၄)စစ်မြေပြင်ဆေးတပ်ရင်း (နတခ-မဆရ-၄) တွင် တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သော အရာရှိ ၁ ဦး ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
အောက်တိုဘာလ ၂ ရက်နေ့တွင် နတခ-မဆရ-၄ ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့သော အရာရှိ ၁ ဦး၏ အလောင်းကို ရွှေမြင်တင် မီးသဂြိုလ်စက်သို့ ဘဝ ဆည်းဆာ ကားဖြင့် ပို့ဆောင်ကာ လက်နက်ကိုင်ဆောင်ထားသော စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးနှင့် စစ်သား မိန်းမများ လိုက်ပါလာသော ကား ၁ စီးဖြင့် လာရောက် သဂြိုလ်သွားကြောင်း သိရသည်။
“မဆရ ၄ မှာက ဧရာဝတီတိုင်း စစ်မြေပြင်ကနေ ဒဏ်ရာရပြီး ရောက်လာတဲ့ စစ်ခွေးတွေ အများကြီးပဲ အောက်တိုဘာလ ၂ ရက်နေ့က စစ်ခွေး အရာရှိ တစ်ကောက် သေလို့ စစ်ကားနဲ့ လာရောက် သဂြိုလ်သွားတယ်။ တပ်သားသေရင်တော့ ဒီကောင်တွေ အဲလိုလာပြီး မသဂြိုလ်ပြီး အရာရှိသေလို့ လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူပြီး သဂြိုလ်သွားတာ” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။
