ထိုင်းနိုင်ငံ ချာချင်ဆောင်ခရိုင်ရှိ စက်ရုံတွင် မြန်မာလုပ်သား ၃၂၀ ဦးကို ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ စက်ရုံက အလုပ် ထုတ်လိုက်မှုအတွက် အလုပ်သမားများ၏ လုပ်အားခ၊နစ်နာကြေး၊အလုပ်စမတ်ကြေးနှင့် သက်တမ်းတိုးလုပ်ငန်းစဉ်ဆိုင်ရာ စာရွက်စာတမ်းများ ပြန်လည်ရရှိစေရေး တိုင်ကြားမည်ဖြစ်ကြောင်း MHAC အဖွဲ့မှ အမှုစိစစ်စီစဉ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဇင်ပိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မြန်မာလုပ်သား ၃၂၀ ဦးကို လုပ်သက် ၄ လမပြည့်ခင် ရုတ်တရက် အလုပ်ထုတ်လိုက်ပြီဖြစ်ကြောင်း ကြားခံ အေဂျင်စီက အလုပ်သမားများကို အကြောင်းကြားလာကြောင်း၊ အလုပ်ရုံက အလုပ်ထုတ်ပယ်သော်လည်း အလုပ်သမားများကို ဆက်လက် နောက်ဆက်တွဲ တာဝန်ယူမှုမရှိသည့်အတွက် အလုပ်သမားများက MHAC အဖွဲ့ထံ အကူအညီတောင်းခံလာခြင်းဖြစ်ကြောင်း၊ အောက်တိုဘာလ ၃ ရက်နေ့တွင် အလုပ်သမားများနှင့် MHAC အဖွဲ့တွေ့ဆုံကာ ဖြစ်စဉ်ကို စုံစမ်းခဲ့ကြောင်း သိရှိရသည်။
ထို့နောက် သက်ဆိုင်ရာနယ်မြေခံ ထိုင်းအာဏာပိုင်များ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် အတူ စက်ရုံ၊ ကြားခံအေးဂျင်စီတို့ကို ခေါ်၍ ညှိနှိုင်းခဲ့ရာ အလုပ်ရုံတာဝန်ရှိသူများနှင့် ကြားခံအေဂျင်စီ တာဝန်ရှိသူက အလုပ်သမားများ၏ တောင်းဆိုသည့် အချက်များ ပေးဆောင်ရန် ကတိကဝတ်ပြုခဲ့ကြောင်း သိရှိရသည်။
“မနေ့က ၃ရက်နေ့မှာက နယ်မြေခံစာဝါဒီကန်ရုံးမှာ အစိုးရအဖွဲ့အသီးသီးရှေ့မှာ တာဝန်ရှိတဲ့ကြားခံ agency က တာဝန်ခံကိုခေါ်ပြီး အလုပ်သမားတွေ ရသင့်တဲ့ အခွင့်ရေးတွေကို ၅ရက်နေ့မှာပေးဖို့ကို အမိန့်ချထားတယ်။ မနက်ဖြန်ထိစောင့်ကြည့်ရမယ်။ အလုပ်သမားတွေရဲ့ ရသင့်တာတွေ အားလုံးရ မရ။ မရရင်တော့ အမှုဖွင့်ပြီး ကျွန်တော်တို့အဖွဲ့စည်းရဲ့ ဥက္ကဋ္ဌ အေအေစီကိုရဲမင်းရဲ့ လမ်းညွှန်မှုနဲ့အတူ ထိုင်းရောက်မြန်မာလုပ်သားတွေကို ထိုင်းဥပဒေအတိုင်းဆက်ကူညီသွားမှာပါ” ဟု MHAC အဖွဲ့မှ အမှုစိစစ်စီစဉ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဇင်ပိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာအလုပ်သမားနှင့်ပတ်သက်၍ လုပ်ငန်းခွင် ဖိနှိပ်ခံရခြင်း၊ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရခြင်းများအတွက် MHAC အဖွဲ့က NUG အလုပ်သမားဝန်ကြီးဌာနများနှင့်အတူ ညှိနှိုင်းဖြေရှင်းမှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်ပေးလျက်ရှိကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။


