အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ကျရောက်သည့် မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲ သို့ လာရောက်တက်ချိန် မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ပစ္စည်းထားသည့် ဂိုဒေါင် မီးလောင် ပျက်စီးခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ မနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် မင်းအောင်လှိုင်က မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲတက်ရန် ပြင်ဦးလွင်မှ မန္တလေးသို့ ရောက်ရှိလာပြီး နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းတွင် ခေတ္တဝင်ရောက်တည်းခိုခဲ့သည်ဟု သတင်းရရှိသဖြင့် ရှော့တိုက်ဒုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ မန်းတက္ကသိုလ်ရာပြည့်ပွဲတွင် မင်းအောင်လှိုင်က အရပ် သားပြည်သူ အများအပြားကို လူသားဒိုင်းဖြစ်အကာအကွယ် ယူပြီး ပွဲတက်မည်ဖြစ်ရာ အခမ်းအနားကို တိုက်ခိုက်ခြင်းက နေရာအတိအကျ ဖြစ်၍ ပိုမိုလွယ်ကူသော်လည်း အရပ်သားပြည်သူများပါ ထိခိုက်မည်ကို ရှောင်ရှားလိုသောကြောင့် မင်းအောင်လှိုင်ခေတ္တတည်းခိုရာ လပခ အတွင်းသို့သာ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုတိုက်ခိုက်မှု အတွင်း ရှော့တိုက်ဒုံး ၁ လုံးသည် လပခ ရှိ ပစ္စည်းထားသော ဂိုဒေါင် ၁ လုံးကို ထိမှန်ကာ မီးလောင် ပျက်ဆီးခဲ့ပြီး လခရ မှ စစ်သား ၃ ဦး သေဆုံးကာ ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒုတိယ ရှော့တိုက်ဒုံးသည် နန်တွင်း (လပခ) တိုင်းရုံး၏ အရှေ့ကျောက်စာများရှိသည့် ရှေ့ဟောင်းဘုံ ပြသာဒ်ရှေ့ ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး တပ်မိသားစုမှ စျေးဆိုင်တွင် ထိုင်နေသည့် အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မင်းအောင်လှိုင် မန္တလေး တက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲ လာတက်တဲ့အချိန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ် တိုက်ခိုက်တာ နန်းတွင်း (လပခ) တိုင်းရုံး အရှေ့ကျောက်စာတွေရှိတဲ့ ရှေ့ဟောင်းဘုံပြသာဒ်ရှေ့ ၁ လုံး ပေါက်ကွဲခဲ့တာ တပ်မိသားစုက စျေးဆိုင်တွင် ထိုင်နေသည့် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး မုဒ်ဦး ပျက်ဆီးတယ်။ နောက် ၁ လုံးကတော့ လပခ ထဲမှာရှိတဲ့ ပစ္စည်းထားဂိုဒေါင် ၁ လုံး ထိမှန်ပြီး မီးလောင်ပျက်ဆီးခဲ့တယ်။ လခရ စစ်သား ၃ ဦးလည်း သေဆုံးခဲ့တယ်။ ၄ ဦးလည်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ မစ်ရှင်ကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦး ဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ့၊ People Servant Force ( P.S.F ) နှင့် ရတနာပုံတပ်ဦးအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး BWM ၏ Mission 46 အဖြစ် အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် မင်းအောင်လှိုင်က မန္တလေးတက္ကသိုလ်ရာပြည့် အခမ်းအနားသို့ တက်ရောက်ပြီး ဖွင့်ပွဲ ဖွင့်လှစ်ခြင်း၊ အမှတ်တရ စကား ပြောခြင်း၊ တက္ကသိုလ်အဆောက်အအုံများကို ကြည့်ရှု စစ်ဆေးခြင်းများ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။
