ရန်ကုန်၊ အောက်တိုဘာ ၅
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ် ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သားနှင့် ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ဇီးကုန်း လေးပျူစောထီးရွာ အဝင်ရှိ စစ်တပ် ဘန်ကာကင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကာ ကျန်ရှိနေသော စစ်သားနှင့် ပျူစောထီးများ ဘန်ကာအတွင်းမှ ထွက်ပြေးသွားကြောင်း သိရှိရသည်။
ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ ကာဘိုင်အမျိုးအစား သေ နတ် ၂ လက်၊ ကိုးလုံး သေနတ် ၁ လက်၊ ၇.၆၂ ကျည် ၁၂၉ တောင့်၊ ကာဘိုင်ကျည် ၃၈ တောင့်၊ ကိုး လုံးကျည် ၁၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အိမ် ၃ ခုနှင့် ဖုန်း ၁ လုံးသိမ်းဆည်းရရှိကာ စစ်တပ် ကင်းစခန်းကို မီးရှို့ ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း မြိုက်ကျေးရွာ ဘုန်းကြီးကျောင်း၌ အထိုင်ချတပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများက လက်နက်ကြီး လက်နက်ငယ်များ ပစ်ကူပေးလာသောကြောင့် စစ်ကူစစ်ကြောင်း ဖြတ်တောက်ရေး တာဝန်ယူထားသော ရဲဘော်များက ၆၀ မမ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO) မှ ဦးဆောင်ပြီး တိုက်နယ် ၁၊ ၂ ၊ ၃ ၊ ၅ ပကဖ တိုက်ခိုက်ရေးအဖွဲ့များ ပူးပေါင်းကာ ပြောက်ကျားစနစ်ဖြင့် အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရ ကြောင်း သိရသည်။


