ပဲခူးတိုင်း၊ ဒိုက်ဦးထောင်၊ အမျိုးသမီးဆောင်တွင် ဦးစီးအရာရှိ ဇင်မာကြည်အောင်က နိုင်ငံရေး အကျဥ်းသူများကို အကြောင်းမဲ့တိုက်ပိတ် ညှင်းပန်းနှိပ်စက်နေကြောင်း Justice Network Political Prisoners-JNPP မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဒိုက်ဦးအကျဥ်းထောင်မှ ဦးစီးအရာရှိ ဇင်မာကြည်အောင်က နိုင်ငံရေး အကျဥ်းသူများကို အကြောင်းမဲ့တိုက်ပိတ်ခြင်း၊ ထောင် ၀င်စာပါဆယ်ဖြတ်တောက်ပိတ်ပင်ခြင်း၊ စျေးဘားများအား အဆမတန် စျေးတင်ရောင်းချခြင်း၊ အကျဥ်းသူများ၏ ရပိုင်ခွင့်များအား တားဆီးပိတ်ပင်ခြင်းများ လုပ်ဆောင်ကာ ရည်ရွယ်ချက်ရှိရှိ ညှင်းပန်းနှိပ်စက်မှုများပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသူ မအိသူဟန် ခေါ် သျှားစစ် ကို ၂၀၂၅ ခုနှစ် ဇွန်လအတွင်း တီဘီ ရောဂါ သံသယရှိသည်ဟုဆိုကာ အဆောင်တွင် မနေခိုင်းဘဲ တိုက်ပိတ်ခဲ့ပြီး ရောဂါသံသယရှိသူနှင့် ဘေးချင်းကပ်နေသည်ဟုဆိုကာ ဒေါ်နုနုအောင်ကိုလည်း တိုက်ပိတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့သို့ တီဘီသံသယနှင့်တိုက်ပိတ်မှုအတွက် ဒေါ်နုနုအောင်က တီဘီရောဂါ သံသယရှိပါက အိမ်မှ ထောင်ဝင်စာတွေ့လျှင် အိမ်ကို စစ်ခွင့်ပြုရန် တောင်းဆိုသော်လည်း ဦးစီးအရာရှိဖြစ်သူ ဒေါ်ဇင်မာကြည်အောင် ခွင့်မပြုဘဲ ထောင်မှ စစ်ဆေးပေးမည်ဟု ပြောဆိုခဲ့ပြီး တီဘီရောဂါမရှိပါက တိုက်မှ ပြန်ထုတ်ပေးမည်ဟုပြောဆိုခဲ့ကြောင်း၊ သို့သော် တီဘီစစ်ဆေးပြီးနောက် ၂ ဦးလုံး ရောဂါမရှိသော်လည်း လက်ရှိအချိန်အထိ တိုက်ပိတ်ထားကြောင်း သိရှိရသည်။
“အခုလိုဖြစ်ရပ်တွေက တစ်ထောင်တည်း မဟုတ်ပါဘူး။ ထောင်တိုင်းမှာ ဖြစ်ပျက်နေတာတွေ ရှိပါတယ်။ အကျဉ်းသားတွေကို အနေကြပ်အောင်လုပ်တာပါ။ ဒီလို အကျဉ်းသားအခွင့်အရေးချိုးဖောက်မှုတွေ၊ စည်းလွတ်ဝါးလွတ်စီမံမှုတွေကို ဆက်လက်မပြုလုပ်ဖို့ တိုက်တွန်းတောင်းဆိုချင်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေလည်းအကျဉ်းထောင်တွေကို ပိုပြီးအာရုံစိုက်စေချင်ပါတယ်”ဟု JNPP မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လတ်တလောတွင် ဒိုက်ဦးထောင်တွင် အကြောင်းအမျိုးမျိုးပြကာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများကို တိုက်ပိတ်ခြင်းများ လုပ်ဆောင်သည့်အပြင် တိုက်ပိတ်ရာတွင်လည်း မိန်းမဆောင်တိုက်တွင် မထားဘဲ ယောက်ျားလေးတိုက်ဖြစ်သည့် တိုက်အမှတ် ၄၊ ၅ ၊ ၆ များတွင် ထားသည့်အတွက် တိုက်ပိတ်ခံရသူ အကျဉ်းသူများမှာ စိတ်လုံခြုံမှု မရှိခြင်း ၊ရေချိုးရာတွင်လည်း အဆင်မပြေခြင်းများ များစွာဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် ဒိုက်ဦးထောင်၏ အမျိုးသမီးဦးစီးအရာရှိ ဇင်မာကြည်အောင်က ပါဆယ်များ ထိန်းချုပ်ကန့်သတ်ခြင်း၊ အကျဥ်းသူများ ရပိုင်ခွင့်များကို တားဆီးပိတ်ပင်ထားခြင်း၊ တရား၀င်စျေးဘားများကို အဆမတန် အမြတ်တင်ရောင်းချခြင်းများလုပ်ဆောင်နေသည် အပြင် ထောင်၀င်စာပါဆယ်များကို ကန့်သတ်ထားကြောင်း ၊အကျဉ်းသူများကို အကျဉ်းထောင်အတွင်း စျေးတင်ရောင်းချသော အကျဥ်းသားများအပ်ငွေဖြင့် ဝယ်ရသည့် ထောင်စျေးဘားတွင်သာ ဈေးဝယ်ခိုင်းပြီး တရား၀င်စျေးဘားကို ၇၀၀၀၀ ကျပ်ထိ ၀ယ်ယူခွင့်ပြုကြောင်း၊ ငွေကျပ် ၇၀၀၀၀ ထက်ကျော်လွန်ပါက အပြင်ရှင်းစနစ်ဖြင့် တောင်းခံနေကြောင်း သိရှိရသည်။
အကျဉ်းသူများ၏ အနွေးထည်များကိုလည်း အရောင်ပါသည်များကို ဝတ်ခွင့်မပြုဘဲ ရှာဖွေရေးတွင် အကုန်သိမ်းဆည်းကြောင်း ၊ လက်ရှည်အဖြူသာ ပေးသွင်းခွင့်ပြုမည်ဟု ပြောဆိုခဲ့ပြီး ထောင်ဝင်စာ ပါဆယ်လာချိန်တွင် စားသောက်ကုန်များ ၊ တစ်ကိုယ်ရည်အသုံးအဆောင်များကို လုံလောက်စွာပေးသွင်းခွင့်မပြုကြောင်း၊ ထောင် ဝတ်စုံ အဝတ်အထည် လုံလောက်စွာ ပေးသွင်းခွင့်မပြုဘဲ ကန့်သတ်ထားကြောင်း သိရှိရသည်။
ထိုသို့ အနွေးထည်များလုံလောက်စွာ ထုတ်မပေးခြင်း၊ အနွေးထည်များလုံ လောက်စွာပေးသွင်းခွင့်မပြုသောကြောင့် အကျဉ်းသူများမှာ အအေးဒဏ်ခံနေရပြီး ကိုယ်ခံအားနည်းကာ ဖျားနာမှုများဖြစ်ပေါ်နေကြောင်း၊ ပွေး၊ ၀ဲ၊ ယားနာများပေါက်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
ထိုကဲ့သို့ အကျဉ်းသူများကို ရည်ရွယ်ချက် ရှိရှိ ညှဉ်းပန်းနှိပ်စက်မှုများအတွက် ကျူးလွန်သူ ဦးစီးအရာရှိ ဇင်မာကြည်အောင် အပါအဝင် ပါဝင်ပတ်သက်သူများက တာဝန်ယူတာဝန်ခံရမည်ဖြစ်ကြောင်း၊ Justice Network For Political Prisoners အနေဖြင့် တိုက်ပိတ်ခံ နိုင်ငံရေးအကျဥ်းသူများနှင့် တစ်သားတည်း ရပ်တည်လျက်ရှိပြီး အမြန်ဆုံး တိုက်ထဲမှ ထုတ်ပေးရန်နှင့် ယင်းလုပ်ရပ်များကို တာဝန်ယူမှုတာဝန်ခံမှုရှိစေရန်တောင်းဆိုထားသည်။
ဒိုက်ဦးထောင်တွင် ထိုသို့ ခေါင်းစဥ်အမျိုးမျိုးဖြင်မတရားစွပ်စွဲကာ အကြောင်းပြချက်မရှိဘဲ အကန့်သတ်မဲ့တိုက်ပိတ်ထားခြင်းကို အပြင်းအထန် ရှုတ်ချကြောင်း Justice Network For Political Prisoners က ထုတ်ပြန်ကြေညာသည်။
