ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားသော မဲစာရင်းများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၆ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စု၊ ဆင်တဲကုန်းကျေးရွာရှိ လူငယ်အားမာန် စာကြည့်တိုက်တွင် အကြမ်းဖက် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားသော မဲစာရင်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် မီးရှို့ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ခွေး ရွေးကောက်ပွဲအတွက် ဆင်တဲကုန်းအုပ်စုက မဲစာရင်းတွေကို ကျနော်တို့ ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်တယ်။ ပစ်ခတ်မှုဖြစ်ပွားတာတော့ မရှိပါဘူး။ မဲစာရင်းတွေကတော့ အကုန်လောင်သွားပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူက ပြောဆိုသည်။
ထိုသို့ မီးရှို့ရှင်းလင်းမှု ဖြစ်ပွားပြီးနောက် ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ဆင်တဲကုန်းကျေးရွာရှိ လူငယ်အားမာန် စာကြည့်တိုက်ကို အကြမ်းဖက် စစ်သားများ ရောက်ရှိလာပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းမှုကို ၃၈ဝ၂ တပ်ခွဲ ၂ မြေအောက်ပြောက်ကျား တပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက် စစ်သားများအနီး သွားလာနေထိုင် ခြင်းများ မပြုလုပ်ကြရန်နှင့် သတိထားသွားလာနေထိုင်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၂ မှ အသိပေး ပြောဆိုထားသည်။


