24.7 C
Yangon

သရက်ချောင်းမြို့နယ်တွင် စစ်ကြောင်းထိုးခဲ့သော စစ်တပ်က ပြည်သူ ၂ ဦးကို လည်လှီးသတ်ဖြတ်သွားပြီး ကျေးရွာ ၄ ခုမှ နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို လည်လှီး သတ်ဖြတ်သွားပြီး ကျေးရွာ ၄ ခုမှ နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၂ ရက်နေ့မှ ၂၅ ရက်နေ့ အထိ သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ၁၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား အလောင်း ၂ လောင်းနှင့် MA-4 သေနတ် ၁ လက်နှင့် MA-1 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ပြီး စစ်မှုထမ်းတပ်သား ၆ ဦးကိုလည်း အရှင်ဖမ်းဆီးရမိကာ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ် ဩဂုတ်လ ၂၁ ရက်နှင့် ၂၂ ရက်နေ့တို့တွင် မိုးရွှေကူးရွာနှင့် စော်ဖျားရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးကာ လည်လှီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ နေအိမ် ၈၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အတွင်းရှိ တန်ဖိုးကြီးများကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၇ ရက်နေ့တွင် သင်းကျွန်းရွာနှင့် ရန်တောင်ကျေးရွာတို့ကို ဝင်ရောက် စီးနင်းခဲ့ပြီး ရန်တောင်ကျေးရွာမှ နေအိမ် ၃၀ ကျော် နှင့် သင်းကျွန်းရွာမှ နေအိမ် ၈ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာကတော့ ၁၄ ရက်ကြာတယ်။ စစ်ခွေးတွေက ရွာ ၄ ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၂ ဦးကို လည်လှီး သတ်ဖြတ်ခဲ့ပြီး ရွာ ၄ ခုက နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် သရက်ချောင်းမြို့နယ် အတွင်း အောက်တိုဘာလ ၅ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် သဲချောင်းကြီးရွာကို ပေါင် ၅၀၀ ဗုံး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး အသက် ၉၁ နှစ်အရွယ် ဒေါ်ကျင်အေး ၊ အသက် ၅၀ နှစ် ဒေါ်မာမာ ၊ အသက် ၁၀ နှစ် မသီရိနိုင် နှင့် အသက် ၅၈ နှစ်အရွယ် ဦးစိုး တို့ဒဏ်ရာရရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article