စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ မြို့မရဲစခန်းကို ၂ ရက်ဆက်တိုက် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်ကြောင်း ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အောက်တိုဘာလ ၁၀ရက်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဆားလင်းကြီးမြို့ပေါ်ရှိ မြို့မ ရဲစခန်းကို ၂ ရက်ဆက်တိုက် ၆၀ မမ လက် နက် ကြီး ၄၃လုံးဖြင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များအနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်းသိရှိရသည်။
“အဲဒီမှာ စစ်ခွေး အင်အားကတော့ ၁၅၀ ဝန်းကျင်လောက်ရှိတယ်။ အောက်တိုဘာလ ၁၀ရက်နေ့နဲ့ အောက်တိုဘာလ ၁၁ရက်နေ့က တိုက်ခိုက်ခဲ့တာပါ။ ၂ရက်ပေါင်း ၄၃လုံးနဲ့ ပစ်ခတ်ခဲ့တာပါ။ သေဆုံးမှုထိတော့ မဖြစ်လောက်ဘူး။ ထိခိုက်မှုတော့ ဖြစ်နိုင်တယ်။ အဓိကတော့ ဟိုတလောက ဒီကောင်တွေ မြို့ထဲကင်းပတ်တာ ပြည်သူ ၂ ဦး သေဆုံးခဲ့တာပါ။ နောက်ထပ် ဒီကောင်တွေ မြို့ထဲမထွက်ရဲအောင် ခြောက်လှန့်ပေးတဲ့သဘောပါ။ စစ်ခွေးတွေဘက်ကတော့ ၆၀ မမ လက်နက်ကြီးနဲ့ ရော လက်နက်ငယ်တွေနဲ့ပါ ပြန်ပစ်ပါတယ်။ စစ်ခွေးတွေ ဘက်မှ ထိခိုက်ပျက် စီးတာမျိုးရှိသေးလားဆိုတော့ အခုထိတော့ဘာမှမကြားရသေးဘူး။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ပွဲတိုင်းကျော် လက်နက် ကြီးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့၊ တော်လှန်ပြောက်ကျားတပ်ဖွဲ့၊ စွန်ရဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နောင်ကြီးပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ SOLO AUNG GYIပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
