ဧရာဝတီတိုင်း၊ မြို့နယ် ၅ ခုတွင် AA ၊PDF ပူးပေါင်းတပ်များနှင့် စစ်တပ်အကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြား၍ ဆေးရုံကုတင်များ မလောက်တော့ခြင်းနှင့် ဆေးဝါးများ ပြတ်လပ်ခြင်းများဖြစ်ပေးနေကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။
ဧရာဝတီတိုင်းရှိ မြို့နယ် ၅ ခုတွင် ဖြစ်ပွားနေသော တိုက်ပွဲများ၌ ဒဏ်ရာရ အကြမ်းဖက် စစ်သား အားလုံးကို အမှတ် ၄ တပ်မတော် ဆေးတပ်ရင်း(မဆရ ၄ )နှင့် ဆေးရုံများတွင် ကုသနေရာ ကုတင်မလုံလောက်ခြင်းနှင့် ဆေးဝါး မလုံလောက်ခြင်းများ ဖြစ်ပေါ်နေကြောင်း၊ ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်၊ သာပေါင်းမြို့နယ်၊ ပုသိမ်မြို့နယ်နှင့် ရေကြည်မြို့နယ်များတွင် AA၊ PDFမဟာမိတ် တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်တပ် တို့ အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိသော စစ်သား အားလုံးကို ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဋ္ဌာနချုပ် အခြေစိုက် စစ်မြေပြင် ဆေးတပ်ရင်း မဆရ ၄ ကိုသာ ပို့ဆောင်နေသောကြောင့် နေ့စဉ် ဒဏ်ရာရ စစ်သားများ အစုလိုက်အပြုံလိုက် ရောက်ရှိလာနေကြောင်း သိရှိရသည်
အောက်တိုဘာလ ၈ ရက်နေ့ မဆရ ၄ တွင် ရှေ့တန်းမှ ခန္ဓာကိုယ်၊ လက်မောင်းနှင့် ခြေထောက်တို့တွင် ကျည်ထိမှန်ကာ ရောက်ရှိလာသော ဒဏ်ရာရ စစ်သားများ အစုလိုက်အပြုံလိုက် ရောက်ရှိ၍ ဆေးတပ်ရင်းတွင် ကုတင်လုံလောက်ခြင်းမရှိတော့သောကြောင့် ဆေးရုံနှင့်ဆေးတပ်ရင်းရှေ့ရှိ ကစားကွင်း နှင့် နားနေဆောင်တို့တွင် ကျောပိုးအိတ်များ ခေါင်းအုံးစေကာ ဒဏ်ရာရ စစ်သားများကို ဆေးကုသမှုများ ပေးနေရကြောင်း သိရှိရသည်။
အလားတူ အောက်တိုဘာလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင်လည်း မဆရ ၄ စစ်ဆေးရုံ ရင်ခွဲရုံ၌ ရှေ့တန်းပြန် စစ်သား အလောင်းများကို အစုလိုက်အပြုံလိုက် အမိန့်စာပြန်နေပြီး ရွှေမြင်တင် သဂြိုလ်စက်တွင် မီးသဂြိုလ်နေပြီး စစ်သုံးပစ္စည်းများကို အစုလိုက်အပြုံလိုက် စွန့်ပစ်ထားကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် မဆရ ၄ ၌ ဆေးဝါး လုံလောက်မှုမရှိတော့သောကြောင့် ဒဏ်ရာရ စစ်သား အာလုံးကို ဆေးကုသမှု ပေးနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။
“ဧရာဝတီတိုင်းထဲမှာ စစ်တပ်က စစ်ကြောင်းထိုးရင် အင်အား အလုံးနဲ့ထိုးတာပဲ ဒါပေမယ့် စစ်မှုထမ်း တပ်သားသစ်တွေ အများဆုံးပါဝင်တော့ တိုက်ပွဲတိုင်းလိုလိုကို အထိနာနေတာ မဆရ ၄ မှာတော့ နေ့တိုင်းကို ဒဏ်ရာရတဲ့ စစ်သားတွေက အလုံးအရင်းနဲ့ကို ရောက်နေတာ သေဆုံးသူတွေကိုလည်း ရွှေမြင်တင် သဂြိုလ်စက်မှာ တိတ်တဆိတ်ကို သဂြိုလ်နေတာ” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
AA ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်နှင့်အစပ် ဧရာ၀တီတိုင်းတွင်လည်း တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရသည်။
