ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ နောင်မိရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်၊ DKBA နှင့် BGF ပူးပေါင်းတပ်များဘက်မှ ၃၀ ဦးဝန်းကျင်သေဆုံးကာ ၃ ဦးအရှင်ဖမ်းမိထားကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၁၀ ရက်နေ့က ကော့ကရိတ်၊နောင်မိရွာဘက်သို့ အကြမ်းဖက်စစ်တပ်၊ DKBA ဗိုလ် ဘိ တပ် နှင့် BGF တပ်များ ပူးပေါင်းပြီး အင်အားအလုံးအရင်းဖြင့် ထီဖိုးစံ ၊ ဒေါန တောင်လမ်းဟောင်း ဘက်မှတဆင့် ထိုးစစ်ဆင်လာကြောင်း၊ နောင်မိကျေးရွာအနီးအရောက် KNLA မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၊ DKBA နှင့် BGF တပ်သား ၃၀ ဝန်းကျင်သေဆုံးကာ DKBA တပ် သား ၃ ဦးအရှင်ဖမ်းမိပြီး စစ်ကြောင်းပျက်၍ နောက်ပြန်ဆုတ်ပြေးသွားကြောင်း၊ ထို့အပြင် တိုက်ပွဲ အတွင်း ထိခိုက်ဒဏ်ရာရရှိသည့် စစ်သား၊ DKBA နှင့် BGF တပ်သားများကို လူနာတင်ကားများဖြင့် နဘူးဆေးရုံ၊ ဖားအံမြို့နယ် ဆေးရုံနှင့် တောင်ကလေးဆေးရုံများသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကို မကျေနပ်၍ ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် အကြမ်းဖက်စစ် ကောင်စီတပ်က နောင်မိကျေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် DKBA နှင့် BGF တပ်ဖွဲ့ များကလည်း လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲကာ နောင်မိကျေးရွာကို ဖျက်ဆီးနေကြောင်း သိရသည်။
“ဗိုလ်ဘိ DKBA တွေ BGF တွေ စစ်ခွေးနဲ့ စစ်ကြောင်းတက်လာတာ နောင်မိမှာ ဖြတ်တိုက်တော့ ၃၀ ဝန်း ကျင်လောက်သေကုန်တယ်၊ DKBA /BGF တွေ ၂၀ လောက်ထိတယ်၊ သေတယ်၊ DKBA ၃ ယောက် အရှင်မိထားတယ် တော်လှန်ရေးဘက်က။ အဲဒီမှာ မြပတိုင်ရွာဘက်ပြန်ဆုတ် ပြေးရတာကို ဗိုလ်ဘိ အဖွဲ့က အခဲ့မကြေ ဖြစ်ပြီး ဒရုန်းနဲ့ချ ၊ လက်နက်ကြီးပစ်ထည့်နေတာ၊ အခုဒီနေ့ ၁၄ ရက် မှာ လေယာဉ်ဗုံးကြဲ တယ်၊ ရွာတော့တော်တော်ပျက်စီးကုန်ပြီ” ဟု ကျေးရွာအတွင်းမှ စစ်ဘေးရှောင် ပြေး လာသည့် ကျေးရွာသားက ပြောကြားသည်။
ယခုအခါ အကြမ်းဖက်စစ်တပ်၊ DKBA နှင့် BGF ပူးပေါင်းတပ်ဖွဲ့များက နောင်တပ္ပံ၊ မြပတိုင်၊ နန်း ကော့တေး၊ ကော့ဖန်ရပ်၊ နောင်မိကျေးရွာများမှ ပြည်သူများအား ကျေးရွာအတွင်းမှ တိမ်းရှောင်ခွင့် မပြုဘဲ လူသားဒိုင်းကာ အဖြစ် ထိန်းသိမ်းထားကြောင်း သိရသည်။
” ဗိုလ်ဘိ နဲ့ စစ်တပ်က ကောင်တွေက ရွာသားတွေကို စစ်မရှောင်ခိုင်းဘူး ရွာမှာ ပဲနေခိုင်းတယ်။ BGF ကလည်း ကားတွေနဲ့ ကင်းလှည့်နေတယ်။ ရွာသားတွေတွေ့ရင် ဖမ်းခေါ်ပြီး ရိုက်တယ်၊ စစ်တယ်၊ သူတို့ကို ဒရုန်းချခံရမှာကြောက်လို့ ရွာက လူတွေ သူတို့ နဲ့ အတူတူ နေနေရတယ်” ဟု ဒေသနေ ပြည်သူတစ်ဦးက ရှင်းပြသည်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခံမှုကို ကြောက်နေသော အကြမ်းဖက်စစ်တပ် ၊ DKBA နှင့် BGF ပူးပေါင်းတပ်များက ဒရုန်းပျံသန်းမှုများကို ဖြတ်တောက်စက် (ဂျန်ပါ) များ ၂၄ နာရီ မီးစက်မောင်း၍ စက်များကို ဖွင့်လှစ်ထားသောကြောင့် ယင်းဒေသတွင် ဖုန်းလိုင်း ၊ အင်တာနက်လိုင်းများ သုံးမရဖြစ်နေကြောင်းသိရှိရသည်။
ဓာတ်ပုံ- ကော့ရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် စစ်ဆင်ရေးလုပ်ဆောင်ခဲ့သော KNLA မှ ဗိုလ်အယ်ဆေးဝါးနှင့်အဖွဲ့။ (ပုံအဟောင်း အသုံးပြုထားပါသည်။)

