တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အမျိုးသမီးများကို အဓမ္မပြုကျင့်ပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့် ပျူစောထီး ခေါင်းဆောင် စိုးသန်းကို အရှင်ဖမ်းမိခဲ့ကြောင်း ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့က ပြောဆိုသည်။
အောင်တိုဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာအခြေစိုက် ပျူစောထီးခေါင်းဆောင် ဦးစိုးသန်းကို ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့က ကျောက်နီမော်ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပျူစေားထီးခေါင်းဆောင် စိုးသန်းသည် အကြမ်းဖက် စစ်တပ် အာဏာသိမ်းချိန်မှ စတင်ပြီး လောင်းလုံးမြို့နယ် အတွင်း စစ်တပ် ရေကြောင်း၊ ကုန်းကြောင်း စိုးမိုးနိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုများတွင် ထဲထဲဝင်ဝင် ပါဝင် ကြိုးပမ်းပေးနေသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် စိုးသန်းသည် ကျောက်နီမော်ကျေးရွာနှင့် အနီးနားရွာများတွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်း၊ ဓားပြတိုက်ခြင်း၊ ငါးဖမ်းလှေများထံမှ ခြိမ်းခြောက်ငွေကျေးကောက်ခံခြင်း စသည့် ရာဇဝတ်မှု ပေါင်းစုံကျူးလွန်ခဲ့သည့် အဓိက တာဝန်ရှိသူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပျူစောထီး ခေါင်းဆောင် စိုးသန်းကို ၎င်းကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့်ပက်သက်၍ စစ်ဆေးနေပြီး ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။





