မြန်မာနိုင်ငံတွင် တော်လှန်ရေးအဖွဲ့များ၊ တိုင်းရင်းသားများအားလုံး စုစည်းညီညွတ်မှုဖြင့် အမှန်တရားပေါ်ရပ်တည်၍ အောင်ပွဲရသည်အထိ စစ်အာဏာရှင်ကို ဆက်လက် တိုက်ပွဲဝင်သွားရမည်ဖြစ်ကြောင်း KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းပြောဆိုလိုက်သည်။
ယနေ့ ကျရောက်သည့် ၆၅ နှစ်မြောက် ၆၅ နှစ်ပြည့် KIO အထိမ်းအမှတ် မိန့်းခွန်းတွင် KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်က ဥက္ကဋ္ဌ၏ မိန့်ခွန်းကို မြန်မာဘာသာသို့ ပြန်ဆိုရှင်းပြခြင်းဖြစ်သည်။
“သူပြောတာက အခုအချိန်မှာကချင်လူမျိုးတွေရော တိုင်းရင်းသားပေါင်းစုံ အတူလက်တွဲပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့မှန်ကန်တဲ့ရပ် တည်ချက်နဲ့ မေတ္တာပြ လက်တွဲခေါ်ပြီး တော်လှန်ရေးကို လက်တွဲပြီး အောင်ပွဲရသည်အထိ တိုက်ရမယ်။ အားလုံးအတူတူ ညီညီညွတ်ညွတ်နဲ့ သွားရမယ်။ အခုဆိုရင် တော်လှန်ရေးအဖွဲ့တွေ အများကြီးရှိတယ်။ အဲဒါတွေအားလုံး စုစည်းညီညွတ်ရမယ်။ နိုင်ငံရေး စစ်ရေး ချိန်ညှိပြီး ဆက်လက် တိုက်ပွဲ ဝင်သွားရမယ်ဆိုတာကို ဥက္ကဋ္ဌက ပြောထားတယ်” ဟု ကချင်သတင်းရင်းမြစ်က ရှင်းပြသည်။
ထို့ပြင် တိုင်းပြည်၏ ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကို သွားရမည်ဖြစ်သော်လည်း စစ်တပ်၏ ရွေးကောက်ပွဲကြောင့် ရွေးကောက်ပွဲကိုထောက်ခံသူနှင့် ကန့်ကွက်သူ အဖွဲ့ကြီးနှစ်ခုကွဲသွားပြီး ညှိနှိုင်းရေးလမ်းကြောင်း ဝေးကွာသွားကာ ပြည်တွင်းစစ်လည်း ကြာရှည်မည်ကို စိုးရိမ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုသည်။
“ ဥက္ကဋ္ဌက ပြောတဲ့အထဲမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို သူ အထူးစိုးရိမ်နေပါတယ်။ ဘာလို့လဲဆိုတော့ ဒီရွေးကောက်ပွဲကို ထောက်ခံတဲ့အဖွဲ့၊ ကန့်ကွက်အဖွဲ့ဆိုပြီး အဖွဲ့နှစ်ဖွဲ့ ကွဲသွားမယ်။ ဒီအဖွဲ့အစည်းနှစ်ခုက လွယ်လွယ်နဲ့ ညှိနှိုင်းဖို့ခက်ခဲသွားမယ်။ ပြည်သူတွင်းစစ်လည်း ဒီထက်ပိုပြီး ကြာရှည်သွားနိုင်တယ်။ အဲဒါကိုလည်း သူထည့်ပြောတယ်။ နောက်ပြီး စစ်တပ်အောက်က ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲကို ပူးပေါင်းရမယ့် အခြေအနေတွေမှာ သတိထားကြဖို့လည်း သူက ထည့်ပြောတယ်” ဟု ကချင်သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။
KIO/KIA ဥက္ကဋ္ဌက စွန့်လွှတ်ပေးဆပ်ခဲ့ရသော အသက်သွေးချွေး၊ ခန္ဓာကိုယ်အစိတ်အပိုင်းနှင့်ဘ၀များ အလဟဿမဖြစ်စေရေးအတွက် တော်လှန်ရေးကို အောင်မြင်သည်အထိ ဆက်လက် တိုက်ပွဲဝင် လျှောက်လှမ်းရမည်ဟုလည်း ကတိပေးပြောဆိုသွားကြောင်း သိရှိရသည်။
KIO/KIA စတင်ချိန်က လက်လုပ်သေနတ်ဖြင့် စတင်ခဲ့သော်လည်း ယခုအချိန်တွင် စက်သေနတ်ဖြင့် တိုက်ပွဲဝင်နေကြောင်း၊ ကချင်တော်လှန်ရေးတွင် အားလုံးနှင့်အတူလက်တွဲဆောင်ရွက်ခဲ့ပြီး စစ်ရေးနှင့်နိုင်ငံရေးတွင်ပါ နောက်ဆုတ်ခြင်းမရှိဘဲ ရှေ့သို့ တိုးနေကြောင်း၊ ဘုရားသခင်ကို ကျေးဇူးတင်ပြီး KIO/KIA အဖွဲ့ဝင်များအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုသွားသည်




