ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ Eastern Yangon Event Park တွင် ပြုလုပ်သည့် Idiots အဖွဲ့၏ နောက်ဆုံးဖျော်ဖြေပွဲတွင် အသက် ၃၇ နှစ်အရွယ် အဆိုတော် Adino သီချင်းဆိုရင်း နှလုံးရောဂါဖြင့် လဲကျ ကွယ်လွန်သွားကြောင်း ကွယ်လွန်သူ၏ ရင်းနှီးသော မိတ်ဆွေများနှင့်အနုပညာအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။
ယမန်နေ့ညပိုင်း Eastern Yangon Event Park တွင်ပြုလုပ်ခဲ့သည့် ကွယ်လွန်သူ အဆိုတော်ရေမွန် အမှတ်တရနှင့် Idiots အဖွဲ့၏ နောက်ဆုံးဖျော်ဖြေပွဲ တွင် အဆိုတော် Adino သီချင်းဆိုနေရင်းလဲကျသွားခဲ့ကြောင်း၊ ယင်းနောက် ဆေးရုံသို့ ပို့ဆောင်စဉ် ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။
အဆိုတော် Adino က ကွယ်လွန်သူ အဆိုတော် Raymond ၏ “မငိုနဲ့တော့သီချင်း”ကိုသီဆိုနေရင်းလဲကျကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၃၇ နှစ်အရွယ် ရှိနေပြီဖြစ်သည်။
“ကျွန်တော် တို့ FEVER 109 Bandကို စတင် တည်ထောင်ခဲ့တဲ့ Founder၊ Vocalist၊ Composer၊ Drummer တစ်ဦး ဖြစ်တဲ့ ADINO (မင်းသစ်လွှမ်း)ဟာ 25.10.2025 Idiots Farewell Tour မှာ သီဆိုဖျော်ဖြေနေစဉ် Heart Attack ဖြစ်၍ ကွယ်လွန်ဆုံးပါးသွားခဲ့ပြီ ဖြစ်ပါတယ်” ဟု FEVER 109 Band က တရားဝင် သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ ည ပြုလုပ်သည့် ဖျော်ဖြေပွဲမှာ ကွယ်လွန်သူ အဆိုတော် ရေမွန်အတွက် အမှတ်တရနှင့် Idiots အဖွဲ့၏ နောက်ဆုံးနှုတ်ဆက်ဖျော်ဖြေပွဲအဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။






