34 C
Yangon

NLD အစိုးရက လ၀ကဥပဒေ၊ ဧည့်စာရင်းဥပဒေနှင့် နောက်ယောင်ခံ ဥပဒေကို ဖျက်သိမ်းလိုက်ခြင်းဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာကို ချိုးဖောက်ခဲ့ဟု ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီ ဒေါသတကြီး မှတ်ချက်ပြု

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၆

NLD အစိုးရက လူ၀င်မှု ကြီးကြပ်ရေး ဥပဒေ၊ ဧည့်စာရင်းဥပဒေနှင့် နောက်ယောင်ခံ ဥပဒေတို့ကို ဖျက်သိမ်းလိုက်ခြင်းဖြင့် နိုင်ငံတော်အချုပ် အခြာအာဏာကို ချိုးဖောက်ခဲ့ကြောင်း ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီက ဒေါသတကြီး မှတ်ချက်ပြုပြောဆိုလိုက်သည်။

အောက်တိုဘာလ ၂၁ ရက်နေ့ တံတားဦးမြို့နယ်တွင် ကြံ့ဖွတ်ပါတီဝင်များနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကြံ့ဖွတ်ခင်ရီက ၎င်းအနေဖြင့် လ၀ကဝန်ကြီးအဖြစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသို့ ပြည်ပမှ နိုင်ငံခြားသားအဝင်အထွက်ကို စိစစ်ပြီး စာရင်းပြုစု စောင့်ကြည့်ခဲ့ရကြောင်း၊ နိုင်ငံတော်သည် သာလာယံဇရပ် မဟုတ်ကြောင်း၊ သို့ရာတွင် NLD အစိုးရက ဧည့်စာရင်းဥပဒေ၊ လ၀က ဥပဒေနှင့် နောက်ယောင်ခံဥပဒေများကို ဖျက်သိမ်းခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“ကျနော်က လ၀က ဝန်ကြီးလုပ်တယ်။ ပြည်ဝင်ပြည်ထွက်ကိစ္စက ကျနော်နဲ့ဆိုင်တယ်။ ကိုယ့်နိုင်ငံကို ဘယ်သူတွေ ဝင်လာတယ်၊ ဘယ်သူတွေထွက်သွားတယ်။ ဒီနိုင်ငံမှာ နိုင်ငံခြားသားတွေ ဘယ်လောက်ရှိတယ်ဆိုတာ ကျနော်နဲ့ဆိုင်တယ်။ ဒါက တစ်သက်လုံး ကျနော်တို့နိုင်ငံမှာ လုပ်နေတဲ့ကိစ္စတွေ။ ခင်ဗျားတို့လည်း တစ်နေရာကို နိုင်ငံခြားတွေဘာတွေ သွားတယ်ဆိုရင် လေယာဉ်ပျံပေါ်မှာဖြည့်ရတယ် ကျနော့်နာမည်ဘယ်သူ။ ကျနော် ဘာပြည်ဝင်ခွင့်နဲ့ လာတယ်။ ဘယ်မှာ ကျနော်နေတယ်။ ဘယ်တော့ပြန်မယ်။ အဲဒါမလုပ်သင့်ဘူးလား ။ ကိုယ့်နိုင်ငံကို လာတဲ့သူတွေအတွက် ကိုယ်ကသာလာယံဇရပ် မှမဟုတ်ဘဲဗျ။ အဲဒီလူက လေဆိပ်ကို ရောက်တာနဲ့ လ၀က ဒီစာရင်းတွေကို ယူပြီးတော့ ထိန်းထားရတယ်။ သူသွားခဲ့တဲ့နေရာ ဥပမာ သူဟိုတယ်မှာ တည်းမယ်။ အပြင်မှာ တည်းခွင့်မရှိဘူး။ အိမ်တွေမှာ အခြားနိုင်ငံတွေလို Home Stay ခေါ်တာပေါ့။ တည်းလို့မရဘူး။ အဲဒီစာရင်းတွေကို ညနေမှ လ၀ကကို ပို့ရတယ်။ လ၀က က ဒါအကုန်သိတယ်။ ကိုယ့်နိုင်ငံမှာ နိုင်ငံခြားသား ဘယ်နှစ်ယောက်ရှိတယ်။ ကိုယ့်အိမ်ကို ဝင်လာတဲ့ တစိမ်းကို သိဖို့ မလိုဘူးလား။ ဒါနိုင်ငံတော်လုံခြုံရေး။ ဟုတ်တယ်မလား၊ တရားဥပဒေစိုးမိုးရေး။ ကိုယ့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး။ ကိုယ်ခြံစည်းရိုးကို ကိုယ်ထိန်းတာ။ အဲဒါ ဘာမှ မတရားစရာမရှိဘူး။ ဘယ်နိုင်ငံသားဒီလိုချည်းပဲ။ ထုံးစံပဲ။ အဲဒီလွန်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းတစ်ခုလက်ထက်မှာ အဲဒါကို ဖျက်ပစ်လိုက်တယ်။ ပြည်ဝင်ခွင့် နဲ့ပတ်သက်ပြီး လျှောက်ထားစရာမလိုဘူးလို့ ဖျက်လိုက်တယ်။ ခင်ဗျား ဝင်လာတာကို လုံး၀ မသိတော့ဘူး။ ပြီးတော့ ဘယ်မှာတည်းလဲဆိုတာ မသိအောင် ဧည့်စာရင်းဥပဒေကိုဖျက်လိုက်တယ်။ ဘယ်မှာတည်းလဲဆိုတာ မသိဘူး။ ဘယ်သွားတယ်ဆိုတာ မသိအောင် နောက်ယောင်ခံဥပဒေဆိုတာ ဖျက်ပစ်လိုက်တယ်။ ဝင်တာလဲမသိဘူးနေတာလဲမသိဘူး ဘယ်သွားလဲဆိုတာလဲမသိဘူး။ အဲဒီတော့ ကိုယ့်နိုင်ငံမှာ လူဆိုးမှန်း လူကောင်းမှန်းမသိတဲ့သူတွေ အများကြီး ဖြစ်မနေဘူးလား။ အဲဒီစနစ်ကို အခု ပြင်လိုက်ရပြီ” ဟု ခင်ရီက ပြောဆိုသည်။

ယခင်အစိုးရ ခေါ် NLD အစိုးရသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခဲ့ကြောင်း၊ မင်းအောင်လှိုင်က စစ်အာဏာသိမ်းချိန်တွင် NLD အစိုးရက ဖျက်သိမ်းခဲ့သော ဥပဒေများကို ချက်ချင်းပြဋ္ဌာန်းပြီး ပြင်ဆင်ခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ကျနော် လ၀ကမှာ ဒုတိယအကြိမ် ဝန်ကြီးထပ်ဖြစ်တယ်။ ဖြစ်တော့နိုင်ငံခြားသားတွေ ပြစမ်းကွ စာရင်း။ အဘ ၁ သိန်းခွဲလောက်ရှိတယ်ထင်တယ်။ စာရင်းတွေသေချာရှိတယ်။ ဘယ်နေရာတွေမှာရှိတာလဲ ကျနော်တို့ မသိဘူး။ ဘာလို့ မသိလဲ ခုနက စနစ်တွေကို ဖျက်ပစ်လိုက်လို့။ ပြန်ပြင်ရတယ်။ အဲဒါ ခင်ဗျားတို့ မသိနိုင်တဲ့ကိစ္စ နိုင်ငံတော် အချုပ်အခြာအာဏာကို ချိုးဖောက်ခဲ့တာ” ဟု ခင်ရီက ပြောဆိုသည်။

ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီက မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲတွင် NLD ပါဝင်ခြင်းမရှိသော်လည်း NLD အစိုးရလက်ထက်တွင် တိုင်းပြည် အခြေအနေ မကောင်းဟုဆိုကာ မကြာခဏဆိုသလို ဝေဖန်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာသည်ကို မြင်တွေ့ရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article