28 C
Yangon

ကလေး-တမူး-ဂန့်ဂေါ လမ်းပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျွန်းချောင်းရွာကို မီးရှို့ဖျက်ဆီးနေပြီး တိုက်ပွဲများလည်းဖြစ်ပွားနေ၊ သောင်းနှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အတွင်းရှိ ကလေး-တမူး- ဂန့်ဂေါ လမ်းပိုင်းကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျွန်းချောင်းရွာကို မီးရှို့ဖျက်ဆီးနေပြီး တိုက်ပွဲများလည်းဖြစ်ပွားနေကာ သောင်းနှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ထိုမာရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ သာယာကုန်းရွာနှင့် ကျွန်းချောင်းရွာ အကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသောကြောင့် ကျွန်းချောင်းရွာကို ဝင်ရောက် စီးနင်းကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလပိုင်းမှ စတင်ပြီး ကလေးမြို့နယ်အတွင်းရှိ ကလေး-တမူး လမ်းပိုင်းနှင့် ကလေး-ဂန့်‌ဂေါ လမ်းပိုင်းကို အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသောကြောင့် ဒေသပြည်သူ အများအပြား အရေးပေါ် နေရပ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ နံနက်ပိုင်းက ထိုမာရွာကနေ ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီးတော့ စစ်ခွေးတွေက ကျွန်းချောင်းရွာကို ဝင်ရောက် စီးနင်း မီးရှို့တာ တိုက်ပွဲမှာ စစ်ခွေးတွေ အထိနာလို့ မီးဝင်ရှို့တာလို့ ထင်တယ်။ နေအိမ်ဘယ်လောက် ပြာကျသွားတယ်ဆိုတာကတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ထောက်ကြန့်ရွာ၊ ကြာအင်းရွာ၊ စည်သာရွာ၊ နတ်မြောင်းရွာ၊ နတ်ချောင်းရွာ၊ ကြံသာရွာ၊ အောင်သာယာရွာနှင့် မှန်တောရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် စစ်ဘေးရှောင် ပြည်သူများသည် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေခြင်းကြောင့် ကလေးမြို့ လူထုတိုက်ပွဲဦဆောင်ကော်မတီက အရေးပေါ်တုံ့ပြန်ရေးနှင့် ကူညီရေးအဖွဲ့ အားဖွဲ့စည်းလိုက်ပြီး နိုင်ငံတကာရောက် ပြည်သူများ၊ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပရှိ တော်လှန်ရေးအင်အားစုများ ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့်နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လက်ရှိ ကလေးမြို့နယ်အတွင်းရှိ နေရပ်တိမ်းရှောင်နေရသည့် ပြည်သူများ၏ အရေးပေါ်လိုအပ်နေသည့်အခက်အခဲများကို ပံ့ပိုးကူညီကြရန် မေတ္တာရပ်ခံကြောင်း ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင် ကော်မတီက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article