မကွေးတိုင်း ပခုက္ကူမြို့နယ်၊ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး၊ လေယာဉ်တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၂၁ မိနစ်ခန့်တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ တက်လာသော စက်တပ်လေထီး ၂ စီးက ကံမမြို့ အရှေ့ဘက်ရှိ ရေလာကြီးရွာ သင်္ချိုင်းကုန်းနှင့် ဗျိုင်းကျင်းကျောင်း တောင်ဘက်ကို လေကြာင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်အတွင်းရှိ ကျေးရွာတစ်ရွာကိုလည်း အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက အောက်တိုဘာလ ၂၇ ရက်နေ့ ည ၈ နာရီခန့်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ထို့ပြင် အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်၊ ရေခါးရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးသွားကြောင်း၊ အကြမ်းဖက် စစ်တပ်က သမန်းကျား PDF အဖွဲ့ခေါင်းဆောင် ကိုမဲကြီး နေအိမ်နှင့် ပတ်ဝန်းကျင်ကို ဗုံး ၈ လုံးကျဲချခဲ့ခြင်း ဖြစ်ပြီး ကိုမဲကြီး အိမ်နှင့် အနီးရှိ အိမ်တို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“လူတွေက မထိဘူး ။ အိမ်ရယ် ၂ လုံးပဲ ထိသွားတယ်။ စက်တပ်လေထီး ၂ စီးနဲ့ ဗုံး ၈ ချသွားတာ။ ၄ လုံးကွဲပြီး ၂ လုံး မကွဲဘူး ။ ခပ်ဝေးဝေးတော့ ၂ လုံးကွဲတယ်။ PDF ခေါင်းဆောင် နေအိမ်ကို စက်တပ်လေထီးနဲ့ ဗုံးကျဲချတာ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။







