ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရသေ့ဂူတောင်တွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသ၊ ရသေ့ဂူတောင်ပေါ်ကို ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး မယ်ဝါးခီးရွာတွင် စစ်သား အလောင်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲအတွင်း ပြင်းထန် ဒဏ်ရာရရှိခဲ့သော စစ်သား ၁၃ ဦးကိုလည်း BGF တပ်ဖွဲ့က လာရောက် သယ်ထုတ်ကာ တောင်ကလေးဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်က ရသေ့ဂူတောင် အနီးတဝိုက်ကို မွန်းလွဲ ၁၂ နာရီကျော်ခန့်မှ စတင်ပြီး Y12 လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်သွားကြောင်း သိရသည်။
“ရသေ့ဂူတောင်ပါ် မှာ စစ်တပ် စစ်ကြောင်း မိုင်းထိပြီး သေတာ ဒဏ်ရာရတာတွေ အရမ်းများတယ်။ BGF က လာသယ် ထုတ်ပြီး တောင်ကလေးဆေးရုံကို ၁၃ ယောက် ပို့တယ်။ သေတဲ့ သူတွေကို မယ်ဝါးခီးရွာပြင်မှာ စစ်တပ်က မီးပုံရှို့နေတာ လေကြောင်းစစ်ကူ ခေါ်ပြီး မယ်ဝါးခီး၊ ရသေ့ဂူတောင်ကြောဘက်ကို Y12 တစ်စီးနဲ့ ဗုံးလာကျဲသွားတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိပါဘူး” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ်တို့တွင် နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ထိခိုက်သေဆုံးမှုများပြားနေသဖြင့် ကျုံဒိုးမြို့ဘက်မှ စစ်ကူအင်အားများ နေ့တိုင်း ပို့ဆောင်နေကြောင်းသိရသည်။






