စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီလုံးရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် ၂ ရက်ဆက်တိုက် ဗုံး ၄၅ လုံးကျဲချ တိုက်ခိုက်ရာ ပျူစောထီး ခေါင်းဆောင် ဝင်းဇော်အောင် သေဆုံးခဲ့ကြောင်း Shwebo Crocodile (ဗိုလ်မိကျောင်း) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် ရွှေဘိုမြို့နယ်အနောက်ခြမ်း သီလုံးရွာရှိ ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၄၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ဇီးဖြူကုန်းပျူစောထီးရွာမှ တပ်ကူ ရောက်လာသော စစ်သားနှင့် ပျူစောထီးများက RPG များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှုအတွင်း ပျူစောထီး ခေါင်းဆောင် ဝင်းဇော်အောင် သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားသော ပျူစောထီး ဝင်းဇော်အောင် ၏ အလောင်းကို ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မီးဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။
“တစ်နိုင်ငံလုံး စစ်ရေးတင်မာနေချိန် ကျနော်တို့ မြေပြန့်မှာရှိသော တော်လှန်ရေး ညီအကိုများအနေဖြင့် နိုင်စွမ်းသောအားဖြင့် စုပေါင်းတော်လှန် ချေမှုန်းသွားမှ စစ်မျက်နှာပြန့်ပြီး အကြမ်းဖက် စစ်တပ်ကို ဗြာများအောင် ပျူစောထီးကျေးရွာတွေကို အမြစ်ဖြတ်နိုင်မှ အရပ်သားပြည်သူများ၏ ဘဝငြိမ်းချမ်းစေပြီး တော်လှန်ရေး အင်အားစု အနေနဲ့ စိုးမိုးနယ်မြေကနေ ထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန်စေပါတယ်။ တော်လှန်ရေး ညီအကိုများကိုလည်း ပြည်သူများအနေနဲ့ ဆက်လက် ပံ့ပို့ကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” ဟု Shwebo Crocodile (ဗိုလ်မိကျောင်း) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ်(၄) တပ်ရင်း ဦးဆောင်ပြီး ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ Shwebo Crocodile ၊ ဒေါင်းမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ FIF တောင်သူ့လွတ်မြောင်ရေးအင်အားစု ၊ဒေါင်းစစ်သည်အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် ရိက္ခာသယ်ပြီး ပြန်လာသော စစ်သားများကို စောင့်ကြိုတိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း DANU STATE NATIONAL DEFENCE ARMY မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရွာငံမြို့နယ်၊ ရနဲရွာအနီးတွင် ရိက္ခာသယ်ပြီး ပြန်လာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ရနဲကျေးရွာအနီးမှာ ရိက္ခာသယ်ပြီး ပြန်လာသော စစ်ခွေးတွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ စစ်ခွေး ၂ ကောင်သေပြီး ၁ ကောင် ပြင်းထန်ဒဏ်ရာရတယ်။ သေနတ် ၁ လက်လည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ ပြည်သူတွေအပေါ် ကျူးလွန်ထားတဲ့ အပြစ်တွေ အတွက် ပြန်ပေးဆပ်ဖို့အသင့်ပြင်ထားလို့ ပြောချင်ပါတယ်” ဟု DANU STATE NATIONAL DEFENCE ARMY မှ တာဝန်ရှိသူက ပြောဆိုသည်။






