စစ်ကိုင်းတိုင်းကန့်ဘလူမြို့နယ်၊ စံပယ်နံ့သာ စစ်ဆေးရေးစခန်းတွင် ပြည်သူ ၈၀ ခန့် ပေါ်တာဆွဲခံရပြီး အမျိုးသမီး ၂ ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရကာ လူ ၂ ဦး ပျောက်ဆုံး နေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ စံပယ်နံ့သာ ပျူစောထီး စစ်ဆေးရေးစခန်းတွင် ထန်းတပင်ရွာမှ ပြည်သူ ၂၉ ဦး၊ ဇီးကုန်းရွာမှ ပြည်သူ ၁၈ ဦးနှင့် အခြားပြည်သူ ၃၀ ဦးထက် မနည်း ဖမ်းဆီးခံခဲ့ရ ကြောင်း သိရှိရသည်။
ထို့ပြင် အောက်တိုဘာ ၉ ရက်နေ့တွင် ဇီးကုန်းသကြားစက်မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများမှာ ထန်းတပင်ရွာသို့ ဝင်ရောက်လာပြီးနောက် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်၍ မီးရှို့သတ်ဖြတ်ပြီး အမျိုးသား ၂၉ ဦးကို ကန့်ဘလူ ၆၀၀၆ သို့ ပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ အောက်တိုဘာ ၂၅ ရက်တွင်လည်း လူငယ်များကို စစ်သင်တန်းပေးရန် အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
ယင်းအပြင် အောက်တိုဘာ ၁၆ ရက်တွင် ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းရွာမှ တန့်ဆည်ဘက်သို့ ကထိန်ခင်းရန် သွားသည့် မအေးမာဦးနှင့် ခင်ပွန်းဖြစ်သူကို စံပါယ်နံ့သာ ပျူအထိုင်စခန်းကပင် ဖမ်းဆီးခဲ့ကာ အဖိုးတန် ရွှေထည်များအား လုယူသည့်အပြင် မအေးမာဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့်အပြင် ခင်ပွန်းဖြစ်သူလည်း ဖမ်းဆီးနှိပ်စက်ညှင်းပန်ခံရပြီး ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ပြည်သူတွေကို စံပါယ်နံ့သာ ကွင်းလမ်းကို မလိုအပ်ဘဲ မသုံးဖို့သတိပေးချင်ပါတယ်။ဗျူဟာလမ်းကြောမှာရှိတဲ့ စံပါယ်နံ့သာပျူဂိတ်က အတော်ဆိုးနေတာ လူတွေ ဖမ်းတယ်၊ ရွှေငွေ အကုန်လုတယ်၊ ဆိုင်ကယ်ပါရင် ဆိုင်ကယ်ပေးခဲ့ရတယ်။ စံပါယ်နံ့သာရွာက ပျုခေါင်းဆောင် ထွန်းမြင့်သိန်းဦးဆောင်ပြီး တအားဇောင်းကြွနေတာ၊ အဲဒီလမ်းက ဖြစ်နိုင်ရင် မသွားသင့်ဘူး။ အဓိက အဲဒီဂိတ်ကို မဖြတ်သင့်ဘူးပေါ့၊ ဒါတွေက ကျွန်တော်တို့သိတဲ့ စာရင်းပဲရှိတာ၊ မသိတာတောင် ဘယ်လောက်ရှိမလဲ မသိဘူးလေ။ မိန်းကလေးတွေဆို ဖမ်းပြီး အဓမ္မပြုကျင့်တယ်၊ သတ်ပစ်တယ် ” ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အောက်တိုဘာ ၂၅ ရက်နေ့တွင်လည်း ဇီးကုန်းရွာမှ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၈ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်ကာ ယနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ထံမှ သိရှိရသည်။
ထို့ပြင် စံပါယ်နံ့သာစစ်ကောင်စီ အထိုင်စခန်း၌ အဓမ္မဖမ်းဆီးခံရသည့် ဖြစ်စဉ်များမှာ အောက်တိုဘာ ၁၄ ရက်က အရာတော်-တနိုင်းပြေးဆွဲသည့် အန်စာတုံးအဖြူရောင်ကားပေါ်ပါ ဒီပဲယင်းမြို့နယ်၊ သက္ကယ်ခြံရွာမှ အမျိုးသား ၉ ဦး ၊ အောက်တိုဘာ ၁၅ ရက်တွင် ခင်ဦးမြို့နယ်မှ ခရီးသွား အမျိုးသား ၃ ဦး၊ အောက်တိုဘာ ၁၇ ရက်တွင် ခရီးသွားကားပေါ်မှ အမျိုးသား ၃ ဦးတို့ တို့ပါ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံရသူများမှာလည်း ယနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိကြောင်း သိရသည်။
“အရင်ကဆို လမ်းကြောမှာ ယောကျာ်းလေး စစ်မှုထမ်းဖို့ ပေါ်တာဆွဲမှာပဲ ကြောက်ခဲ့ရတာ၊ အခုက မိန်းကလေးတွေပါ ဖမ်းပြီးအတင်းအဓမ္မပြုကျင့်နေတော့ မလိုအပ်ဘဲ စံပါယ်နံ့သာလမ်းကြော သုံးပြီး ခရီးမသွားစေချင်ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြငိ ကန့်ဘလူမြို့နယ်၊ အေးသာယာရွာမှ အမျိုးသမီးနှစ်ဦးမှာလည်း အောက်တိုဘာ ၇ ရက်က စံပယ်နံ့သာ စစ်ကောင်စီအထိုင်စခန်းအား ဖြတ်၍ ဇီးကုန်းသို့ သွားရာ ပျောက်ဆုံးခဲ့ပြီး အချိန်တစ်လနီးပါး ကြာမြင့်ပြီဖြစ် သော်လည်း ယနေ့အချိန် ပြန်လည်မတွေ့ရှိသေးကြောင်း၊ အောက်တိုဘာ ၂၉ ရက်ကလည်း ကောလင်းမြို့နယ်၊ ပေကုန်းရွာမှ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးမှာ ရွှေဘိုသို့ ဆိုင်ကယ်ဖြင့် အသွား စံပါယ်နံ့သာပျူအထိုင်စခန်းတွင် ဖမ်းဆီးခံခဲ့ရပြီး တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကာ နောက်တစ်ဦးမှာလည်း ဦးဇင်းတစ်ပါး အကူအညီဖြင့ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ် လက်အောက်ခံ တပ်သားတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- Agency။




