မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး စစ်ကြောင်းက မြိုင်မြို့နယ်အတွင်း ဆက်လက်ဝင်ရောက်လာ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလပိုင်းက စတင်ပြီး ပခုက္ကူတပ်မ ၁၀၁ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၄၀၀ ကျော်ဖြင့် ကမ္မနှင့် မြစ်ခြေ ဒေသရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းနေခြင်းဖြစ်ကြောင်းသိရသည်။
ထိုစစ်တပ် စစ်ကြောင်းသည် ကျေးရွာနေပြည်သူများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ စစ်ကြောင်းဖြတ်သန်းသွားလာရာ တစ်လျှောက်ရှိ ပြည်သူများကို ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းများ လုပ်ဆောင်သည့်အပြင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အတင်းကြပ် လက်မှတ်ရေးထိုးခိုင်းခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူပိုင်ပစ္စည်းကိုလည်း စိတ်ကြိုက်ခိုးယူ ဖျက်ဆီးခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၆ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အရပ်သားပြည်သူများ ရှိရာနေရာကို လက်နက်ကြီး၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ အင်အား ၂၀၀ ခန့်သည် မြိုင်မြို့နယ်တောင်ပိုင်းရှိ တွင်းမပျူစောထီးရွာကို စတင် ဝင်ရောက်လာသောကြောင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေးစစ်ကြောင်းက အရပ်သားပြည်သူတွေရှိတဲ့နေရာတွေကို လက်နက်ကြီးနဲ့ ရမ်းပစ်တယ်။ စက်တပ်လေထီးတွေနဲ့ ဗုံးကျဲလို့ ပြည်သူ ၂ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့သူတွေရှိပါတယ်။ စစ်ခွေးစစ်ကြောင်းထဲက အင်အား ၂၀၀ ခန့်ကတော့ မြိုင်မြို့နယ်ထဲကို ဝင်သွားတယ်။ ဘယ်လိုဆက်လက်ထွက်ခွာမယ်ဆိုတာတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ပတ်သက်သော သတိပေးချက်၊ လေကြောင်းသတိပေးချက်များကို စဉ်ဆက်မပြတ် နားစွင့်ပြီး အန္တရာယ်ကင်းစွာ နေထိုင်ကြပါရန် အညာမြေတပ်ပေါင်းစုကလည်း အသိပေးနှိုးဆော်ထားသည်။







