မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်က ရိုးကြီးရွာအနီးတွင် ပြည်သူ ၂ ဦးကို ဖမ်ဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ကပစ ၂၂ မှ ထွက်လာသော တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၁၀၉ ၊ ၄၁၉ ၊ ၁၄ တို့ ပူးပေါင်းထားသော အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းသည် ရိုးကြီးအနောက်ဘက်တွင် ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် သတ်ဖြတ်ခဲ့သော ပြည်သူ ၂ ဦးသည် ရှားပင်ရေရွာ မိုးကောင်းချောင်းမှ အသက် ၃၀ ကျော်အရွယ် ကိုရွှေမင်းနှင့် ရိုကြီးတောမှ အသက် ၄၀ အရွယ် ကိုကျော်နိုင်ထွန်းတို့ဖြစ်ကြောင်း သိရှိရသည်။
ထိုစစ်ကြောင်းသည် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပုသိမ်-မုံရွာ လမ်းပိုင်းကို ရောက်ရှိလာပြီးနောက် ယင်းနေ့ နံနက်အစောပိုင်းတွင် ချက်ကန်ရွာ စာသင်ကျောင်းကို စတင်ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက် စစ်သားများက ယင်းနေ့ နံနက်အစောပိုင်းမှ စတင်ပြီး ကျေးရွာအတွင်း ပြည်သူပိုင် နေအိမ် ၇ လုံးခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ပေါက်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေက ရိုးကြီးရွာ အနောက်ဘက်မှာ ပြည်သူ ၂ ဦးလုံးကို သတ်ဖြတ်သွားတာ ရှားပင်ရေရွာ မိုးကောင်းချောင်းက ကိုရွှေမင်း အသက် ၃၀ ကျော်နဲ့ ရိုကြီးတောက အသက် ၄၀ ၀န်းကို ကိုကျော်နိုင်ထွန်းတို့ကို သတ်သွားတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယင်းစစ်တပ် စစ်ကြောင်းမှ စစ်သား ၃ ဦးသည်လည်း ပြည်သူပိုင်နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ကြက်ခိုးရန် လုပ်ဆောင်နေစဉ် Young Revolution Front နှင့် ပခုက္ကူခရိုင်အမှတ် ၁၂ တပ်ရင်းမှ ရဲဘော်များက အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့ပြင် ၎င်းတို့ ကိုင်ဆောင်သော MA – 2 သေနတ် ၁ လက် ၊ MA – 3 သေနတ် ၁ လက်နှင့် ကျည် ၁၀၀၀ ခန့်အပါအဝင် ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၁ ရက်နေ့တွင် ချက်ကန်ရွာမှ ပင်တောင် ပျူစောထီးရွာနှင့် ဒီးဒုတ်ကွင်းရွာ ပျူစောထီးရွာကို စစ်ကြောင်း ၂ ကြောင်းခွဲ၍ ထွက်ခွာသွားကြောင်း သိရှိရသည်။





