29 C
Yangon

စစ်ဗိုလ်ချုပ်များက အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရေးအတွက် ကြိုတင်ကြံစည်ထားသော တရားမဝင် ရွေးကောက်ပွဲမှာ အတု အယောင်သာဖြစ်ဟု CRPH က ထပ်မံ ကြေညာ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

အကြမ်းဖက် စစ်ဗိုလ်ချုပ်များက အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရေးအတွက် တရားမဝင် ရွေးကောက်ပွဲ ကို ကြိုတင်ကြံစည်ထားသဖြင့် ရွေးကောက်ပွဲမှာ အတု အယောင် သာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ- CRPH က ထပ်မံ ကြေညာသည်။

ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့ ကျရောက်သည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ၅ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ထုတ်ပြန်သော CRPH ကြေညာချက်တွင် အထက်ပါအတိုင်း ကြေညာလာခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၁ ခုနှင့် တစ်သီး ပုဂ္ဂလတို့မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅,၆၃၉ ဦးက ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံခဲ့ရကြောင်း၊ ပြည်သူ့လွှတ်တော်တွင် မဲဆန္ဒနယ် ၃၃၀ ရှိသည့်အနက် ၃၁၅ နယ်၊ အမျိုးသားလွှတ်တော်တွင် မဲဆန္ဒနယ် ၁၆၈ နယ် ရှိသည့်အနက် ၁၆၁ နယ်နှင့် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၆၇၃ နယ် ရှိသည့်အနက် ၆၄၁ နယ်၊ စုစုပေါင်း ၁,၁၇၁ အနက် ၁,၁၁၇ နယ်တို့တွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ခဲ့ကြောင်း၊ တရားဝင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ၏ ၇၁ ရာခိုင်နှုန်းကျော်က ဆန္ဒမဲပေးခဲ့ကြပြီး ခိုင်လုံမဲ ၉၆ ရာခိုင်နှုန်းကျော် ရရှိခဲ့ကြောင်း CRPH က ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲအား ယုံကြည်စိတ်ချရပြီး ပြည်သူအများစု၏ ဆန္ဒကို ထင်ဟပ်စေခဲ့သည့် ရွေးကောက်ပွဲအဖြစ် ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများက အသိအမှတ်ပြုခဲ့ကြကြောင်း၊ ယင်းရွေးကောက်ပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဥပဒေများနှင့်အညီ ကျင်းပပေးခဲ့ပြီး နိုင်ငံသားများက Covid-19 ရောဂါကူးစက်မှုများကြားမှ ကိုဗစ်စည်းကမ်းများနှင့်အညီ ၎င်းတို့၏ ပြင်းပြသော ဒီမိုကရေစီစိတ်ဆန္ဒကို မှန်ကန်စွာ ထုတ်ဖော်ခဲ့ကြကြောင်း CRPH က ကြေညာသည်။

အကြမ်းဖက်စစ်တပ်က တရားဝင်အစိုးရထံမှ နိုင်ငံတော်အာဏာကို ဥပဒေမဲ့လုယူခဲ့သည့်အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများအား အပြစ်မဲ့ ဖမ်းဆီးထောင်ချခဲ့ကြောင်း၊ အရပ်သားပြည်သူများအား အဓိကပစ်မှတ်ထား၍ လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ စစ်မှုထမ်းဆောင်စေခြင်းတို့ကို ဆက်လက်တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ လူမဆန်သော အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ ၃ ဒသမ ၆ သန်းကျော်က နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေရပြီး သန်းပေါင်းများစွာသော ပြည်သူလူထုသည် အိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေကြရကြောင်း၊ လက်ရှိအချိန်တွင် စီးပွားရေး သိသိသာသာ ကျဆင်းခြင်း၊ အလုပ်အကိုင် ရှားပါးလာခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိခြင်းအပြင် အွန်လိုင်း လိမ်လည်မှုများ၊ လူမှောင်ခိုကူးမှုများ၊ မူးယစ်ဆေးဝါး ကုန်သွယ်ဖြန့်ဝေမှုများ အဆမတန်ကြီးထွားလာခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးကိုသာမက ဒေသတွင်းနှင့် နိုင်ငံတကာ၏ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဆိုးရွားစွာ ခြိမ်းခြောက်လျက်ရှိကြောင်း CRPH က ရှင်းပြသည်။

ယင်းအခြေအနေတွင် အကြမ်းဖက်စစ်တပ်က ပြုလုပ်ရန်စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲသည် မြန်မာ့ငြိမ်းချမ်းရေးကို ဦးတည်သည့် ရွေးကောက်ပွဲတစ်ခု မဟုတ်သည့်အပြင် ပြည်သူအများစု၏ ဆန္ဒအမှန်ကိုလည်း ထင်ဟပ်စေမည်မဟုတ်ကြောင်း၊ စစ်ဗိုလ်ချုပ်များ၏ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရေးအတွက် ကြိုတင်ကြံစည်ထားသည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်သည် ၎င်းတို့၏ အဓိက တိုက်ခိုက်ရေးအင်အားများ ဆုံးရှုံးနေပြီး နိုင်ငံ၏ နယ်မြေ ၃ ပုံ ၁ ပုံ ခန့်သာ ထိန်းချုပ်ထားနိုင်ခြင်း၊ စစ်ရာဇဝတ်မှုများစွာနှင့် ဥပဒေမဲ့လုပ်ရပ်များစွာကို ကျူးလွန်နေသည့် အကြမ်းဖက်စစ်အုပ်စုက ပြည်သူများအား ဖိနှိပ်၍ အဓမ္မပြုလုပ်နေသည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲဖြစ်ခြင်းတို့ကြောင့် အဆိုပါရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာ၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း CRPH က ထောက်ပြထားသည်။

အကြမ်းဖက်စစ်အုပ်စုက အဓိက နိုင်ငံရေးအင်အားစုများအား ဖိနှိပ်၊ ဖယ်ကြဉ်ထားပြီး လွတ်လပ်သော သတင်းရယူခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် အန္တရာယ်ရှိသောအခြေအနေသို့ ရောက်ရှိနေပြီး ယုံကြည်ရသော အစီရင်ခံစာများအရ အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေအရ ထင်ရှားကျော်ကြားသော အနုပညာရှင်များအပါအဝင် အရပ်သားပြည်သူ အနည်းဆုံး ၉၉ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သိရှိရပါသည်။

အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲသည် ဟန်ပြဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်ပြီး လက်ရှိဖြစ်ပွားနေသော ပဋိပက္ခကို ပိုမိုဆိုးရွားစေမည် ဖြစကြောင်း၊ ထို့ကြောင့် ဆိုးရွားသော အခြေအနေများစွာကို ရင်ဆိုင်နေရသည့် မြန်မာပြည်သူများအတွက် စစ်မှန်သော ငြိမ်းချမ်းရေးသည် ပိုမိုအလှမ်းကွာဝေးနေမည် ဖြစ်ကြောင်း၊ အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုက ပြုလုပ်မည့် ရွေးကောက်ပွဲရလဒ်ကို ပြတ်သားစွာ ငြင်းပယ်ပေးရန် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းCRPH က တိုက်တွန်းတောင်းဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article