24 C
Yangon

KNU တပ်မဟာ ၁ သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့် အပါအဝင် ၂၂ ဦးကို အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲ နှောင့် ယှက်သည်ဟုဆိုကာ သထုံမြို့နယ်၊ သိမ်ဆိပ်ရဲစခန်းတွင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၃ (ခ) ဖြင့် အမှုဖွင့်

Must read

🟥 စလင်းတွင် ရွေးကေက်ပွဲကော်မရှင်အဖွဲ့ဝင် ၁ ဦးကို ဖမ်းဆီးမှုဖြင့် PDF တပ်ဖွဲ့ကို အမှုဖွင့်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ၁ သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့် အပါအဝင် ၂၂ ဦးကို အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲ နှောင့် ယှက်သည်ဟုဆိုကာ သထုံမြို့နယ်၊ သိမ်ဆိပ်ရဲစခန်းတွင် ရွေး ကောက်ပွဲဥပဒေ ပုဒ်မ ၂၃ (ခ) ဖြင့် အမှုဖွင့်ထားကြောင်း အကြမ်းဖက်စစ်တပ်က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၅ ရက်နေ့တွင်​ KNU၊ ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်က ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို တိုက်ဖျက်သွားရန် ကြေညာချက်ထုတ်ပြန်ခဲ့သဖြင့် KNU၊ ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်ဥက္ကဋ္ဌ ပဒိုစောမြင့်ပါ ၂၂ ဦးတို့ကို သထုံမြို့နယ်၊ သိမ်ဆိပ်နယ်မြေရဲစခန်း (ပ)၁၅၄/၂၀၂၅၊ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(ခ)ဖြင့် အမှုဖွင့်ထားကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။

စစ်တပ်က အမှုဖွင့်ထားသော ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃ (ခ) မှာ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမှုကိုပျက်ပြားစေရန် ရည်ရွယ်၍ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်းတို့ကို တားမြစ်ထားခြင်းဖြစ်ပြီး ယင်းတားမြစ်ချက်ကို လူစုလူဝေးဖြင့် ဖောက်ဖျက်ပါက ထောင်ဒဏ်အနည်းဆုံး ၅ နှစ်မှ အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သော ပုဒ်မလည်းဖြစ်သည်။

စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် အဖွဲ့ဝင် ၁၃ ဦး၊ AA တပ်ဖွဲ့၊ ချင်းပြည် Chinland အစိုးရအဖွဲ့ဝင် ၁၇ ဦး တို့ကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှု ဥပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ဗဟိုအလုပ်အမှုဆောင်များ၊ အပါအဝင် ၁၃ ဦးကို ဩဂုတ် ၁၂ ရက်နေ့ ရွေးကောက်ပွဲ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်းများကြောင့် လှိုင်းဘွဲ့မြို့မရဲစခန်း တွင် အမှုဖွင့်ထားကြောင်း သိရှိရသည်။

စစ်တပ်က အမှုဖွင့်သူများတွင် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောဆဲဂေ၊ ပဒိုတာဒိုမူး၊ ပဒိုစောသောသီဘွဲ၊ ပဒိုစောလှထွန်း၊ ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ စောတာမလာသော၊ ပဒိုစောလော်အယ်မူး၊ ပဒိုစောအယ်ကလူစေး၊ ပဒိုနော်ဒါးဒါးနှင့် ပဒိုစောတောနီး ၊စောဆာပုလဲဒီဝမ်းတို့အပါအဝင် စုစုပေါင်း ၁၃ ဦးဖြစ် ကြောင်း သတင်းထုတ်ပြန်သည်။

အလားတူ အောက်တိုဘာလ ၃၁ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ပေါင်းနားရပ်ကွက်နေ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်(၁) ဦးသက်ဝေထွန်းသည် စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့သို့ ဆိုင်ကယ်ဖြင့်သွားစဉ် ဆုတ်လေဦးလမ်းဆုံအရောက်၌ PDF များက ဖမ်းဆီးခေါ်ဆောင် သွားခဲ့သဖြင့် အဆိုပါ PDF များကို နိုဝင်ဘာလ ၃ ရက်နေ့တွင် ဆင်ဖြူကျွန်းနယ်မြေရဲစခန်း (ပ)၁၃/၂၀၂၅၊ု ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(ခ)ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

စစ်တပ်က အရေးယူ အမှုဖွင့်ထားသော ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄ (ခ)မှာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ၁ ဦးကို တာဝန်မထမ်းဆောင်နိုင်ရန် ဟန့်တားခြင်းဖြစ်ပြီး ယင်းပုဒ်မအရ ကျူးလွန်သူကို ထောင် ဒဏ်အနည်းဆုံး ၅ နှစ်မှ အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သော ပုဒ်မလည်းဖြစ်သည်။

ဓာတ်ပုံ- KNU တပ်မဟာ ၁ သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့် ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article