ရန်ကုန်၊ နိုဝင်ဘာ ၁၃
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်စော်ကားပြီး NLD အစိုးရ ဖြုတ်ချရေး ဆန္ဒပြခဲ့သော မဘသ အဖွဲ့ဝင် ကျော်မျိုးရွှေက တစညပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်နေကြောင်း မန္တလေးမြို့ခံများထံမှ သိရှိရသည်။
မဘသအဖွဲ့ဝင်နှင့် အမျိုးသားရေးအစွန်းရောက်၊ စစ်တပ်ထောက်ခံသူ ကျော်မျိုးရွှေက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)ကို ကိုယ်စားပြု၍ မန္တလေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၄ (FTTP ) တွင် ယှဉ်ပြိုင်ရန် မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည။
ကျော်မျိုးရွှေမှာ NLD အစိုးရ အာဏာရယူခဲ့သည့် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်အထိ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်စော်ကားခြင်း၊ NLD အစိုးရကို ဆန္ဒပြခြင်း၊ စစ်တပ်ထောက်ခံသော လှုပ်ရှားမှုများကို ဦးဆောင်ခြင်းများ လုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။
၂၀၁၇ ခုနှစ် မတ်လတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ပုတ်ခတ် စော်ကားရေးသားခဲ့သဖြင့် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံခဲ့ရသူလည်းဖြစ်သည်။
ယင်းအပြင် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း မန္တလေးတွင် NLD အစိုးရဆန့်ကျင်သပိတ် လုပ်ဆောင်ခဲ့ပြီး ယင်းသပိတ်အတွက် ကျော်မျိုးရွှေကို ၀ရမ်းထုတ်ခဲ့ကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့သည်။
၂၀၁၈ ခုနှစ် ဇူလိုင်လတွင် မန္တလေးမြို့တွင် NLD အစိုးရသစ် ဖြုတ်ချရေး သပိတ်မှောက်ခဲ့မှုဖြင့် ကျော်မျိုးရွှေကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် ချမ်းမြသာစည်မြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခဲ့သည်။
၂၀၁၇ ခုနှစ် မတ်လအတွင်း အမျိုးသားရေး အစွန်းရောက် ဝါဒီ ဘုန်းကြီး ဝီရသူကို ဖေ့ဘွတ် ပို့စ် တခုတွင် စော်ကားသည်ဟုဆိုကာ ကျော်မျိုးရွှေက Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားလိုအဖြစ် တရားစွဲခဲ့ဖူးသည်။







