စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ သံပြားကာကားများနှင့် ကြေးနီတင်ကားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Brave Heart Army -BHA အဖွဲ့က ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မုံရွာမြို့နယ် နမခ နှင့် ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ သံပြားကာကား ၈ စီးနှင့် ကြေးနီတင်တွဲကား ၂၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုကြောင့် တွဲကားများသည် ခင်မွန်ရွာ ဘက်စုံခြံ အနီးတွင် ထိုးရပ်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ထပ်မံ ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၆ ဦး ပြင်းထန်ဒဏ်ရာရရှိကာ ၃ ဦး သေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်သား မသာအလောင်းများနှင့် ဒဏ်ရာရရှိသူများကို မုံရွာမြို့မှ ထွက်လာသော လူနာတင်ကား ၆ စီးက လာရောက် သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို BHARE HEART ARMY-BHA မှ ဦးဆာင်ပြီး CHINDWIN FIGHTER GROUP.CFG နှင့် MONYWA DYNAMITE .STF တို့က ပူးပေါင်း လုပ်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရှိရသည်။
ပြည်သူများအနေဖြင့် BHARE HEART ARMY-BHA အဖွဲ့ လိုအပ်လျက်ရှိသော လက်နက်ခဲယမ်းများလည်း တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပို့ကြရန် BHA အဖွဲ့ က မေတ္တာရပ်ခံထားသည်။




