28 C
Yangon

မကွေးထောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသော နိုင်ငံရေးအကျဉ်းသား ၁ ဦး အပါအဝင် ၆ ဦး သတ်ဖြတ်ခံရပြီး ၄၀ ဦး ညှဉ်းပမ်းနှိပ်စက်ခံရကာ နိုင်/ကျဉ်းများကို ဖိနှိပ်မှု ပိုမိုဆိုးရွားလာ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

မကွေးတိုင်း၊ မကွေးထောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသော နိုင်ငံရေးအကျဉ်းသား ၁ ဦး အပါအဝင် ၆ ဦး သတ်ဖြတ်ခံရပြီး ၄၀ ဦး ညှဉ်းပမ်းနှိပ်စက်ခံရကာ နိုင်/ကျဉ်းများကို ဖိနှိပ်မှု ပိုမိုဆိုးရွားလာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

၂၀၂၅ ခုနှစ်အတွင်း မကွေးထောင်တွင် သတ်ဖြတ်ခံရသည့် နိုင်ငံရေးအကျဉ်းသား ၅ ဦး၊ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ သေဆုံးရသူ နိုင်ငံရေးအကျဉ်းသား ၁ ဦး သေဆုံးခဲ့ရပြီး ညှဉ်းပမ်းနှိပ်စက်ခံရသူ နိုင်ငံရေး အကျဉ်းသား ၄၀ ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်တပ်အောက်ရှိ အကျဉ်းဦးစီးဌာန၏ ညွှန်ကြား‌ရေးမှူးလာချိန်၌ နိုင်ငံရေးအကျဉ်းသား ကိုဟိန်းဝင်းလတ်မှ မကွေးထောင်တွင်း၌ဖြစ်ပေါ်နေသော ဖိနှိပ်မှုအား တင်ပြခဲ့သည်ကို အငြှိုးထား၍ ညွှန်ကြားရေးမှူးပြန်သွားချိန်၌ ထောင်အာဏာပိုင်များမှ ကိုဟိန်းဝင်းလတ်အား တိုက်ပိတ်ပြစ်ဒဏ်ကို ပေးခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“၂၀၂၅ ခုနှစ်ထဲမှာ မကွေးအကျဉ်းထောင် ထောင်ပိုင်အပါအဝင် ထောင်ပိုင်လေးတွေက အစ သူတို့ရဲ့ အောက်ခြေမှာ သူတို့ရဲ့ စကားကို လိုက်ပါဆောင်ရွက်နေတဲ့ အကျဉ်းသားတွေ အထူးသဖြင့် တခြားရာဇဝတ်အကျဉ်းသားတွေကို သူတို့က ရာထူးအဆင့်ဆင့် ခန့်အပ်ပြီးမှ နိုင်ငံရေးအကျဉ်းသားတွေကို သီးခြားဖိနှိပ်မှုတွေ ပိုပြီး ဆောင်ရွက်လာတာ တွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေသာ မက တခြားထောင်က ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုပါ ထောင်အဝင်ဝမှာပါ ရိုက်နှက်တာ၊ ရိုက်နှက်ပြီးမှ လက်ခံတာ ဒါမျိုးတွေကို ခပ်စိတ်စိတ်လုပ်လာတာ တွေ့ရပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် လက်ရှိထောင်အာဏာပိုင်များသည် နိုင်ငံရေးအကျဉ်းသားများအပေါ် အလုပ်ကြမ်းနှင့်ထောင်ဒဏ်ချမှတ်ထားခြင်းဖြစ်သည်ဟု ဆိုကာ တောင်ယာလုပ်ငန်းအပါအဝင် မြောင်းတူး၊မြောင်းဖော်လုပ်ငန်းများကို စဉ်ဆက်မပြတ် ခိုင်းစေလျက်ရှိသည့်အပြင် အကျဉ်းဦးစီးအရာရှိများသည် မကွေးထောင်အတွင်းရှိ နိုင်ငံ‌ရေးအကျဉ်းသားများကိုသာမက ထောင်ပြောင်းဖြင့်ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားများကိုပါ ထောင်ဗူးဝ၌ ရိုက်နှက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

လက်ရှိချိန်အထိ ဒုတိယထောင်ပိုင် သန်းကျော်တင့်နှင့် ဦးစီးမှူး ဝင်းထွန်းတို့သည် အကျဉ်းသားများ၏ လုပ်အားကို ကိုယ်ကျိုးအတွက်အသုံးပြုလျက်ရှိသည့်အပြင် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ အကျဉ်းသားများထံမှ ငွေကြေးများကို တောင်းခံလျက်ရှိကြောင်း PPNM ထံမှ သိရှိရသည်။

“ဒီလိုမျိုးအခြေအနေကို ကျွန်တော်တို့တွေ‌ရော နိုင်ငံတကာ အနေနဲ့ရော ဂရုစိုက်မှု မရှိဘူးဆိုရင် ဒီအရှေ့မှာလည်း မကွေးထောင်က နိုင်ငံရေးအကျဉ်းသားတွေကို သတ်ဖြတ်မှုတွေ ဒီနှစ်ထဲမှာပဲ ဖြစ်ခဲ့တာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ပိုမိုပြီးမှ ဖိနှိပ်မှုတွေ များလာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလိုမျိုး မဖြစ်ဖို့ အတွက် မကွေးဒေသတွင်းမှာ တော်လှန်ရေးဆင်နွှဲနေကြတဲ့ တော်လှန်ရေးတပ်တွေကအစ လက်နက်ကိုင်အင်အားစုတွေက အစ မကွေးအကျဉ်းထောင်ကို ပိုပြီးမှ အာရုံစိုက်ပေးကြဖို့ လိုအပ်တယ်။ ဘာလို့လဲဆိုတော့ ထောင်ထဲမှာ အုပ်ချုပ်နေကြတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေက သူတို့ကို မထိခိုက်သရွေ့ထောင်တွင်း ဖိနှိပ်မှုတွေကို မရပ်တန့်ဘူးဆိုတဲ့ အခြေအနေမျိုးတွေ ခပ်စိပ်စိပ်တွေ့ရတယ်။ ဒါကြောင့်မို့လို့ ကျူးလွန်နေတဲ့ သူတွေအပေါ်မှာထိရောက်တဲ့ တရားမျှတမှု ပြန်လည်ဆောင်ရွက်ရေးတွေက အရေးကြီးတယ်လို့ ပြောချင်ပါတယ်ခင်ဗျ”ဟု ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article