ရန်ကုန်၊ နိုဝင်ဘာ ၁၇
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရ လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို တိုက်ခိုက်ရာ ဗိုလ်ကြီး စိုးကိုကိုမောင် အပါအဝင် စစ်သား ၃ ဦး သေဆုံးပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သရက်ခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရ လမ်းပိုင်း၌ စစ်သားများ လိုက်ပါလာသော အိမ်စီးကား ၁ စီးနှင့် သံချပ်ကာ ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အိမ်စီးကားပေါ် လိုက်ပါလာသော အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး စိုးကိုကိုမောင် အပါအဝင် စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်သားများထံမှ ယူနီဖောင်း ၁ စုံ၊ MA-13 ကျည်အိမ် ၁ ခု ၊ MA13 ကျည် အတောင့် ၂၀ ၊ AK ဒင်ခေါက် သေနတ် ၁ လက် ၊ 79 ဗုံးပစ်လောင်ချာ ၁ လက် ၊ ၄၀ မမ ဗုံး ၆ လုံး နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်တာကတော့ ဟုတ်ပါတယ်။ နောက်ပြီး စစ်ခွေးတွေက နားပဲ့ရွာကို မီးရှို့သွားတယ်။ နေအိမ်ပျက်စီးမှုကိုတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ဆင်ပေါင်ဝဲမြို့နယ်၊ သာဂရလမ်းပိုင်းရှိ နားပဲ့ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းသို့ စစ်တပ် စစ်ကြောင်း ဝင်ရောက် မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် ၅ တပ်ရင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနက သရက်ခရိုင် အမှတ် ၅ တပ်ရင်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေဆိုခြင်းမရှိသေးပေ။





