27 C
Yangon

ဘားအံတွင် စစ်တပ်၏ ရွေးကောက်ပွဲကို ခွင့်မပြုဘဲ ဆန့်ကျင်သွားမည်ဟု မြို့နယ် KNU က ထုတ်ပြန်ကြေညာ၊ ရှုပ်ထွေးသည့်စနစ်နှင့် တိကျမှုမရှိသော အီလက်ထရောနစ်မဲပေးလုပ်ငန်းစဉ်ကြောင့် အတုအယောင်ရွေးကောက်ပွဲကို ပိုမို ပေါ်လွင်စေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ခွင့်ပြုမည်မဟုတ်ဘဲ ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးသထူခရိုင်-ဘားအံမြို့နယ် အလုပ်အမှုဆောင် ကော်မတီက နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုအပေါ် မတရားဖမ်းဆီးခြင်း၊ အကျဉ်းချ သတ်ဖြတ်ခြင်းဖြင့် ဘာသာရေး အဆောက်အဦးများနှင့် လူနေအိမ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကို ပေါ်ပေါ် တင်တင်ပြုလုပ်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်း၊ ယင်းအပြင် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

စစ်ကော်မရှင်က ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များဖြစ်သည့် ပြည်သူများက စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေကြောင့်သော်လည်းကောင်း၊ စစ်ဘေးကြောင့် သော်လည်းကောင်း နေရပ်များတွင် အေးအေးချမ်းချမ်း နေထိုင်နိုင်ခြင်းမရှိဘဲ ကျန်ရှိနေသော မဲဆန္ဒရှင် ပြည်သူများမှာလည်း ခြိမ်းခြောက် ဖိအားပေးခြင်ါ်နှင့် အတင်းအဓမ္မ မဲပေးစေခိုင်းရခြင်းတို့ကို ရင်ဆိုင်နေရကြောင်း KNU ဘားအံမြို့နယ် အလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

ယင်းအပြင် စစ်တပ်က ပြည်သူလူထု နားလည်ရန် ခက်ခဲသည့် ရှုပ်ထွေးသည့် ရွေးကောက်ပွဲစနစ်နှင့် ၎င်းတို့ လိုအပ်သည့် အဖြေထုတ်နိုင်သော အီလက်ထရောနစ် မဲပေးသည့် မဲပေးခြင်း လုပ်ငန်းစဉ်မှာ တိကျ မှန်ကန်မည့် ရလဒ်မဟုတ်ကြောင်း၊ မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒသဘောထားကို အလွဲသုံးစားပြုသည့်အတွက်ကြောင့် စစ်ကော်မရှင် အလိုကျ အတုအယောင်ရွေးကောက်ပွဲသာဖြစ်သည်ကို ပေါ်လွင်နေကြောင်း သတိပေး ကြေညာထားသည်။

ဘားအံမြို့နယ် အလုပ်အမှုဆောင် ကော်မတီအနေဖြင့် KNU (ဗဟို)၏ ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ကြေညာချက်နှင့် အညီ ရပ်တည်မည်ဖြစ်ပြီး မိမိတို့၏ ထိန်းချုပ်နယ်မြေ အတွင်း ပြည်သူလူထုကို လိမ်လည် လှည့်ဖြားမည့် အတုအယောင် ရွေးကောက်ပွဲကို ခွင့်ပြု မည်မဟုတ်ဘဲ ဆန့်ကျင်သွားမည်ဖြစ်ကြောင်း တရားဝင် အသိပေးသည်။

ပြည်သူလူထုအနေဖြင့် စစ်အာဏာရှင် သက်ဆိုးရှည်မည့် အတုအယောင် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်းမပြုဘဲ အကြမ်းမဖက်သော နည်းနှင့် ဆန့်ကျင်ခြင်းဖြင့် မိမိတို့၏ ဆန္ဒမဲအား အလွဲသုံးစားပြုခွင့်မပေးရန် ဘားအံမြို့နယ် KNU အလုပ်အမှုဆောင် ကော်မတီက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article