31 C
Yangon

သေဆုံးသူ ယာယီသမ္မတ အမည်ခံ မြင့်ဆွေပိုင် မြေကွက်ကို သားမက် တာယာမြင့်ဆွေက ရောင်း စားမှု မြင့်ဆွေမိန်းမ ခင်သက်ဌေးက ကန့်ကွက်ပြီး ဖြေရှင်းမပေးလျှင် အရေးယူမည်ဟု ကြေညာ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

သေဆုံးသူ ယာယီသမ္မတ အမည်ခံ မြင့်ဆွေပိုင် မြေကွက်များကို သားမက် တာယာမြင့်ဆွေက ရောင်းစားသဖြင့် မြင့်ဆွေမိန်းမ ခင်သက်ဌေးနှင့်မိသားစုဝင်များက ကန့်ကွက်လိုက်ပြီး ဖြေရှင်းမပေးလျှင် အမှုဖွင့်တရားစွဲ အရေးယူမည်ဟု ယနေ့ စစ်တပ်၏ ဝါဒဖြန့် သတင်းစာများမှ တစ်ဆင့် သတိပေး ကြေညာထားသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အကွက်အမှတ် မ-၅၉ ၊ ဦးပိုင်အမှတ် ၃၁ ၊ ဧရိယာ ၀ ဒသမ ၁၁၀၂ ကျယ်ဝန်းသော ယာယီသမ္မတ အမည်ခံ မြင့်ဆွေအမည်ပေါက် မြေကွက်ကို သားမက်ဖြစ်သူ တာယာမြင့်ဆွေက မြေဂရန်သက်တမ်းတိုးဆောင်ရွက်ပေးရန် ကိုယ်စားလှယ်လွှဲစာ ၂ စောင်ကို မြင့်ဆွေ မိသားစုက ပေးအပ်ခဲ့ကြောင်း ၊ သို့ရာတွင် သားမက်ဖြစ်သူက ကိုယ်စားလှယ်လွှဲစာ ၂ စောင်ကို အသုံးပြု၍ မြင့်ဆွေ မိန်းမ ခင်သက်ဌေး၊ သားဖြစ်သူ ဗိုလ်ကြီးကျော်ဘုန်းမြင့်(ငြိမ်း) တို့ မသိအောင် မြေကွက်ကို ဂရန်သက်တမ်းမတိုးဘဲ ရောင်းချခဲ့ကြောင်း၊ ထို့ကြောင့် တယာမြင့်ဆွေနှင့် အပေါင်းအပါများ ၇ ရက်အတွင်း လာရော် ဖြေရှင်းရန်နှင့် မဖြေရှင်းဘဲ ရှောင်တိမ်းနေလျှင် တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

“ကျမတို့က ဥပဒေနဲ့အညီအလုပ်လုပ်တာပဲရှိတယ်။ မီဒီယာတွေဘာတွေမှာ စကားလက်ခံတွေ့ဆုံပြီး တော့မပြောပါဘူး” ဟု မြင့်ဆွေဇနီး ခင်သက်ဌေး၏ တရားလွှတ်တော်ရှေ့နေ ဒေါ်ဥမ္မာမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မြင့်ဆွေ မိသားစုအကြောင်း သိရှိထားသော သတင်းရင်းမြစ်ကမူ တာယာမြင့်ဆွေသည် မြင့်ဆွေ၏ သမီးအကြီးဖြစ်သော ခင်သက်ထားဆွေ ၏ ခင်ပွန်းဖြစ်ကြောင်း၊ သက်ထားဆွေနှင့် တာရာမြင့်ဆွေတို့တွင် အဂ္ဂမင်းဂေါင်နှင့် မဥ္ဇူသက ဆိုသော သားသမီး ၂ ဦးထွန်းကားကြောင်း၊ ယခု မြေကွက်အမှုမှာ မြင့်ဆွေ၏ သမီး သက်ထားဆွေနှင့် သားမက် တာယာမြင့်ဆွေက ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“မြင့်ဆွေ မိန်းမ ခင်သက်ဌေးတို့က တရုတ်အစစ်တွေ။ သထုံဘက်က။ မြင့်ဆွေက ရာထူးကြီးလာတော့ သူ့မိန်းမအမျိုးဘက်က နာမည်တွေကို အကုန် ဗမာမှု ပြုလိုက်တယ။ ဥပမာ ခင်သက်ဌေးအဖေ ဦးယုဝိန်ဆိုရင် ဦးယုဝေ ဆိုပြီး ပြောင်းခဲ့တာ။” ဟု မြင့်ဆွေအကြောင်း သိရှိထားသော သတင်းရင်းမြစ်က ပြောဆိုသည်။

မြေကွက်များကို ရောင်းစားခဲ့သော မြင့်ဆွေသားမက် တာယာ မြင့်ဆွေမှာ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာမြင့်ဆွေနှင့်ခင်သန်းဝင်းတို့ သားဖြစ်ပြီး တာယာမြင့်ဆွေတွင် ညီအစ်ကို မောင်နှမ ၃ ဦး ရှိကြောင်း သိရှိရသည်။

ယာယီသမ္မတ အမည်ခံ မြင့်ဆွေ ယခုနှစ် ဩဂုတ် ၇ ရက်နေ့ တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-မိသားစု တက်ရောက်ခဲ့သည့် မြင့်ဆွေ အသုဘ မသာချပွဲ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article