31 C
Yangon

ဘုတလင်နှင့် ခင်ဦး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်နှင့် ခင်ဦးမြို့နယ်ရှိ‌ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဘုတလင်မြို့နယ်၊ ဆင်ကျုံးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ထိခိုက်သေဆုံးသူများရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အလားတူ ယနေ့ မွန်းလွဲပိုင်း ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ မုံရွာ နမခ မှ တက်လာသော စက်တပ်လေထီးများသည် ဘုတလင်မြို့နယ်၊ ကံယာရွာကို ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိထားပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရှိရသည်။

“ဒီနေ့ တစ်ရက်တည်းကို ဗုံးကျဲတာ ၂ ကြိမ်ရှိပြီး ဘုတလင်နယ်ထဲကို ကျဲသွားတာ နံနက် အစောကြီးကျဲသွားတာတော့ သေဆုံးသူရှိတယ်။ အရေအတွက်ကိုတော့မသိရသေးဘူး။ မွန်းလွဲပိုင်းကျဲသွားတာတော့ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘူးလို့ ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ငါးတင်းကြီးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၃ မိနစ်ခန့်တွင် ခင်ဦးမြို့နယ် အရှေ့ခြမ်းရှိ ငါးတင်းကြီးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များလည်း ပျက်စီးသွားကြောင်း သိရသည်။

“ဒီနေ့ နံနက်ပိုင်းကျဲသွားတာက ခင်ဦးမြို့နယ် အရှေ့ခြမ်း ငါးတင်းကြီးရွာလည်ကို ကျဲချတိုက်ခိုက်သွားတာ နေအိမ် ၂ လုံးပေါ် ဗုံးကျပြီး နေအိမ်တွေလည်း ပျက်စီးတယ်။ အမျိုးသမီး ၁ ဦး သေဆုံးတယ်။ အမျိုးသမီး ၃ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article