မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဒေါက်တာတေဇာဆန်း ဦးဆောင် ဆန္ဒပြခဲ့သော စျေးတန်းနေရာကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်အမိန့်ဖြင့် ဖျက်ဆီးခိုင်းခဲ့ကြောင်း မန္တလေးစည်ပင်သတင်းရပ်ကွက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၃ ရက်နေ့ လူထုအရေးတော်ပုံခေါင်းဆောင်များဖြစ်သော ဒေါက်တာတေဇာဆန်း ၊ ကိုနန်းလင်း (ရန်ကုန်) နှင့် ကိုခန့်ဝေဖြိုး (စစ်ကိုင်း) တို့အပါအဝင် ရဲဘော်ရဲဖက်များ ပြည်သူလူထုနှင့် အတူ ပူးပေါင်းကာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြကြောင်း၊ အဆိုပါနေရာမှာမန္တ လေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ လမ်းဘေးဈေးတန်းဖြစ်ပြီး ယင်းစျေးဆိုင်များကို ဒီဇင်ဘာလ ၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် တိုင်းမှူးအမိန့်ဖြင့် စစ်တပ်နှင့်စည်ပင်က ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း စည်ပင်သတင်းရင်းမြစ်နှင့် Voice Of Mandalay မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“တိုင်းမှူးအမိန့်နဲ့ ဖျက်ခိုင်းတာပါ။ အဲဒီဆိုင်တန်းတွေက စည်ပင်က စျေးကောက်နဲ့ခွင့်ပြုထားတဲ့ ပျံကျစျေး ဆိုင်တန်းတွေပါ။ အခု အဲဒီနားမှာ စျေးဆိုင် ပြန်လာဖွင့်ရင် ဖမ်းဆီးအရေးယူခံရမယ်” ဟု မန္တလေးစည်ပင်သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ်က ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ရာ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံ အနောက်ရပ်ကွက်၊ ၂၉ လမ်း၊ ၈၄x၈၅ လမ်းကြားရှိ လမ်းဘေးဈေးဆိုင်များကို ဝင်ရောက် ဖျက်ဆီးခဲ့ပြီး အနည်းဆုံး ဆိုင်ခန်း ၅၀ ဝန်းကျင် ဖျက်ဆီးခံခဲ့ရကြောင်း သိရှိရသည်။
“အဲနေရာက အရင်တည်းက လမ်းဘေးကိုကျူးထားတယ်ဆိုပြီး ဖျက်ဖို့ပြောထားတာ စစ်ခွေးတွေ ဖျက်သွားတာက ရှေ့မှာကျူးပီး ဆောက်ထားတာတွေကို ဖျက်တာပါ။ အိမ်ရှင်က ပုံမှန်ငှားထားတဲ့ ဧရိယာထက် အရှေ့မှာ ငါးပေလောက်ကျူးပီး အမိုးလုပ်ထား ခင်းထားတာတွေ ဖျက်ခိုင်းတာ အဲတာကို တော်လှန်လူငယ်တွေကြောင့် ဖျက်ရသလို ဖြစ်အောင် လုပ်သွားတာ” ဟု Voice Of Mandalay မှ တာဝန်ရှိသူက ပြောဆိုသည်။
ထိုသို့ ဆန္ဒပြပွဲ ပြုလုပ်နေချိန်တွင် မင်းအောင်လှိုင်က ပြင်ဦးလွင်မြို့ စစ်သင်တန်းဆင်းပွဲကို တက်ရောက်ကာ စကားပြောနေချိန်ဖြစ်ကြောင်း၊ ထို့ပြင် မန္တလေးမြို့လယ် စစ်တပ်က လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ ပြည်သူလူထု၏ ပါဝင် ကူညီစောင့်ရှောက်မှုနှင့် အတူ သပိတ်ခေါင်းဆောင်များအားလုံး အန္တရာယ်ကင်းရှင်းခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







