ရန်ကုန်၊ ဒီဇင်ဘာ ၆
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ၊ အဓမ္မ စစ်မှုထမ်းဥပဒေ အဆုံးသတ်ရေးနှင့် ရွေး ကောက်ပွဲ ဆန့်ကျင်ရေး တောင်းဆိုမည့် ဒီဇင်ဘာ ၁၀ ရက်နေ့ ပြည်လုံးကျွတ် အပြင်မထွက် အသံတိတ်သပိတ်တွင် ပါဝင်ကြရန် သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက နှိုးဆော်လိုက်သည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပြီး တစ်နိုင်ငံလုံး ပြည်သူများအနေဖြင့် “အပြင်မထွက်၊ အသံတိတ်သပိတ်ကြီး” (Silent Strike) ဆင်နွှဲကြမည်ဖြစ်ကြောင်း၊ အဆိုပါ လူထုအသံတိတ်သပိတ်က လူထုသဘောထားဖြင့် တောင်းဆိုချက်ကြီး ၃ ရပ်ကို ဖော်ထုတ် တောင်းဆိုကြမည်ဖြစ်ပြီး အဆိုပါ လူထုတိုက်ပွဲလှုပ်ရှားမှုသပိတ်တွင် ပြည်သူလူထုအားလုံး အတူတကွ ပူးပေါင်း ပါဝင်ဆင်နွှဲကြရန် တိုက်တွန်းနှိုးဆော်သည်။
အဆိုပါ အသံတိတ်သပိတ်က လူထုသဘောထားဆန္ဒဖြင့် တောင်းဆိုချက်ကြီး ၃ ရပ်ကို တောင်းဆိုမည်ဖြစ်ပြီး အဓမ္မ ဖမ်းဆီးအကျဉ်းချခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နှင့်အတူ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးရေး၊ စစ်အုပ်စုက အတင်းအဓမ္မ ပြင်ဆင်နေသည့် “ရွေးကောက်ပွဲ”မှာ တိုင်းပြည်နိုင်ငံရေးပြဿနာအတွက် “ထွက်ပေါက်” မဖြစ်ရုံသာမက “ထောင်ချောက်” သာလျှင်ဖြစ်ကြောင်း ထို့ကြောင့် “အတုအယောင်၊ တရားမဝင် ရွေးကောက်ပွဲ” ကို လူထုတစ်ရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်ရမည်ဖြစ်ကြောင်း၊ နောက်ဆုံးအချက်အနေဖြင့် စစ်အုပ်စု၏ အဓမ္မစစ်မှုထမ်းဥပဒေကို အတင်းပြုကျင့်ပြီး လူထုတရပ်လုံးကို အမျိုးမျိုး ဖိနှိပ် အနိုင်ကျင့်နေခြင်း၊ လူငယ်လူရွယ်များစွာကို သေတွင်းထဲသို့ ပို့ဆောင်နေသော အဆိုပါ “အဓမ္မစစ်မှုထမ်း ဥပဒေ” ကို လုံးဝ ဖျက်သိမ်းရန် တောင်းဆိုမည်ဖြစ်ကြောင်း သိရှိရသည်။
“တော်လှန်ရေးက အရင်းအနှီး၊ အထိအခိုက် ကြီးမားပါတယ်။ သို့သော် မတော်လှန်ဘဲ ခေါင်းငုံ့လည်ဆင်းခံနေလို့ စစ်အာဏာရှင်စနစ် သက် ဆိုးရှည်၊ အမြစ်တွယ်သွားရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးက အများကြီး ပိုဆိုးရွားပြင်းထန်တာကြောင့် ကျနော်တို့ ဒီတော်လှန်ရေးကို အဆုံးသတ်ပန်းတိုင်ထိ ဆက်လက် ချီတက်သွားကြဖို့ပဲ ဖြစ်ပါတယ်။ကျုပ်တို့ ဒူးထောက်နေလို့သာ ကြီးကျယ်သူတွေ ကြီးကျယ်နေကြတာပါ။ ကိုင်း၊ ကျုပ်တို့အားလုံး ရုန်းထွက်၊ နိုးထကြစို့။”ဟု ဒေါက်တာတေဇာဆန်းက လူမှုကွန်ရက်မှတစ်ဆင့် တိုက်တွန်းနှိုးဆော်ထားသည်။
အကြမ်းဖက်စစ်တပ်နှင့် စစ်လော်ဘီများကမူ ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြင်မထွက် အသံတိတ် သပိတ်တွင် ပါဝင်ပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း၊ ယင်းနေ့တွင် ဆိုင်ပိတ်သူများကို ဆိုင်များ ချိတ်ပိတ်၍ အရေးယူမည်ဖြစ်ကြောင်း တယ်လီဂရမ်စာမျက်နှာများမှတစ်ဆင့် ခြိမ်းခြောက်ထားသည်။
“ဆိုင်သမားတွေက ဆိုင်ပိတ်ရင် ဖမ်းမှာဆိုတော့ ဆိုင်ကတော့ ဖွင့်ရမှာပဲ။ ပြည်သူတွေအနေနဲ့ လာမဝယ်ကြပါနဲ့။ အပြင်မထွက်ကြရင် ဆိုင်သမားတွေက ဆိုင်ဖွင့်ထားလည်း ရောင်းစရာလူရှိမှာမဟုတ်ပါဘူး။ အဓိက အပြင်ထွက်သူမရှိရင် ဆိုင်ဖွင့်ထားလည်း လာဝယ်သူမရှိတဲ့အတွက် အသံတိတ်သပိတ်မှာ ဆိုင်တွေပါဝင်ပြီးသားဖြစ်မှာပါ” ဟု ရန်ကုန်မြို့၊ သိမ်ကြီးစျေးမှ အဝတ်အထည်၊ မိုးကာနှင့်ကျောင်းသုံးပစ္စည်း များရောင်းဝယ်နေသော ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။






