24 C
Yangon

မတ္တရာမြို့နယ်မှ စဉ့်ကူးမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှ စဉ့်ကူးမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂ ရက်နေ့တွင် မတ္တရာမြို့နယ်၊ ညောင်အုပ်ရွာမှ ယက္ကန်းစင်တောင်ဘက်ကို စစ်ကြောင်းထိုးလာသော အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက စဉ့်ကူးမြို့နယ်၊ စိုက်ကွင်းရွာအနီး ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းက ညောင်အုပ်ရွာကနေ မှ ယက္ကန်းစင်တောင်ဘက်ကိုထိုးတာပါ။ နှစ်ကြောင်းပေါင်း ခန့်မှန်း အင်အားက ၃၀၀ နဲ့ ၄၀၀ကြားရှိပါတယ်။ စိုက်ကွင်းရွာ အနောက် တောင်တန်းမှာ ကျနော်တို့က ခံစစ်ပြင်ထားတော့ ထိတွေ့မှုဖြစ်တာပါ။ စစ်ခွေး သေဆုံးတာက ၃၀ ကျော် သေဆုံးပါတယ်။ မြေပြင်မှာတော့ စစ်ခွေး အလောင်းတွေ မြင်နေရပါတယ်။ လက်နက်ကတော့ တက်ယူဖို့ အဆင်မပြေခဲ့ဘူး။ အဲစစ်ခွေးစစ်ကြောင်းကို စဉ့်ကူးမြို့နယ်၊ စိုက်ကွင်းကျေးရွာ နားမှာ ထိတွေ့မှုဖြစ်ခဲ့တာပါ။ လက်ရှိအချိန်မှာ စစ်ခွေး စစ်ကြောင်းက ပတ်လည်အင်း၊ ယက္ကန်းစင်နား တဝိုက်မှာ ထိုင်ပြီးတော့ စစ်ကြောင်းထိုးနေတာပါ”ဟု ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့များက ပူးပေါင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ပတ်လည်အင်းရွာနှင့် ယက္ကန်းစင်တောင် အနီးတွင် အထိုင်ချထားပြီး ဆက်လက် စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article