ရန်ကုန်၊ ဒီဇင်ဘာ ၇
စစ်တပ်အတွင်း စစ်မှုထမ်းတပ်သားများနှင့်အောက်ခြေစစ်သားများကို မူးယစ်ဆေးဝါးသုံးခိုင်းပြီး ရှေ့တန်းတွင် စစ်ကြောင်းထိုးခိုင်းခြင်းနှင့် ပြည်သူများကို မုဒိမ်းကျင့် ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်ရန် စစ်အရာရှိများက အမိန့်ပေးကြောင်း အလင်းဝင်တပ်သား ၈ ဦးက ထုတ်ဖော်ပြောဆို ဝန်ခံလိုက်ကြသည်။
ရာမညမွန်တပ်တော်(RMA)က အလင်းဝင်လာသော စစ်သားနှင့်ရဲ ၈ ဦး၏ ထုတ်ဖော်ဝန်ခံချက်ကို ဗီဒီယိုဖြင့် ထုတ်ပြန်ထားပြီး အဆိုပါ ဗီဒီယိုတွင် အလင်းဝင်လာသူများက ယင်းကဲ့သို့ ဝန်ခံပြောဆိုလိုက်ကြခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲခံရပြီး စစ်ထဲရောက်ရှိလာသော စစ်မှုထမ်းတပ်သားသစ်များကို အမျိုးမျိုးညှဉ်းပန်း ဖိနှိပ်မှုများ လုပ်ဆောင်သည့်အပြင် အစာ၀လင်အောင် မကျွေးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခိုင်း၍ ရှေ့တန်းတက်ခိုင်းခြင်း၊ မူးယစ်ဆေးသုံး၍ ပြည်သူများကို သတ်ဖြတ် ဖမ်းဆီး အဓမ္မပြုကျင့်ခိုင်းခြင်းများ လုပ်ဆောင်ခိုင်းကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်အတွင်း စစ်မှုထမ်းတပ်သားသစ်များကို သေနတ်မပေးဘဲ ကင်းစောင့်ခိုင်းခြင်း၊ အရာရှိ လိုင်းခန်းများသို့ သန့်ရှင်းရေးလုပ်ခိုင်းခြင်း၊ လစာပုံမှန်မပေးဘဲ ဖြစ်သလို ကျွေးမွေးခြင်း၊ အစာရေစာ ၀လင်အောင် မကျွေးခြင်း၊ အဆိုးဆုံးမှာ မူးယစ်ဆေးဝါးသုံးစွဲခိုင်းခြင်းဖြစ်ကြောင်း အလင်းဝင်တပ်သားသစ်များက ဆိုသည်။
စစ်တပ်အတွင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုမှာ အရှိန်အဟုန်ဖြင့် ကြီးထွားနေပြီး စစ်အရာရှိများနှင့် စစ်သားများကိုယ်တိုင် ဆေးရောင်းချကြကြောင်း၊ ရှေ့တန်း တိုက်ပွဲများဖြစ်ပွားသည်နှင့် WY မူးယစ်ဆေးများ သုံးစွဲရန် ချပေးကြောင်း၊ WY မူးယစ်ဆေးဝါးဖိုး အဖြစ် ပြည်သူများ၏ နေအိမ်များမှ အဖိုးတန်ပစ္စည်းများကို လုယက်ခိုင်းကာ ဆေးဖိုးအဖြစ် လက်ခံခြင်းများ ရှိနေကြောင်း၊ အလင်းဝင်လာသူ စစ်မှုထမ်းတပ်သား ကိုကျော်ကြီးက ပြောပြသည်။
“သူတို့ အခုတော့ စစ်ကြောင်းထိုးနေရင်းနဲ့ ဆိုင်ကယ်တွေ တွေ့တယ်။ ဆေးသမားတွေ တွေ့တယ်။ သူတို့ ဖမ်းတယ်။ ဆေးတွေကို ယူတယ်၊ ယူပြီး သူတို့ ဆေးတွေ သုံးတယ်။ နောက်ပြီး အခုပေါ့၊ ကျွန်တော်တို့က စစ်ကြောင်းသွားနေတဲ့ အချိန်မှာဆိုလို့ရှိရင် ကျွန်တော်တို့ ရွာထဲ ဝင်တယ်။ ကျွန်တော်တို့ ရောက်လာပြီဆို ပြည်သူတွေက မရှိတော့ဘူး၊ ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။ အဲ့ဒီအချိန်မှာ သူတို့ အိမ်ပေါ်တွေ တက်တယ်၊ သူတို့ ပစ္စည်းတွေ တက်ယူတယ်။ ကျွန်တော်တို့ ဝင်မယ်ဆိုရင် ကျွန်တော်တို့ ဝင်ခွင့်မပေးဘူး။ ပစ္စည်းတွေလည်း တက်ယူတယ်၊ ပြီးရင် သူတို့ ရောင်းချတာ၊ နောက်လျှောက်ပြီး သူတို့ ဆေးတွေ သုံးတယ်၊ ဂိမ်းတွေ ဆော့တယ်” ဟု အလင်းဝင်ရောက်လာသူ ပစ တပ်သား ကိုသက်ပိုင်စိုးက ရှင်းပြသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ်က ပြည်သူများကို အဓမ္မပြုကျင့်မှု သတ်ဖြတ်ရာတွင် မူးယစ်ဆေးသုံးသူများကို အဓိက ခိုင်းစေကြောင်း၊ ဆေးကြောင်၍ အချင်းချင်း ပစ်ခတ်မှုများလည်း ရှိကြောင်း၊ ခမရ ၅၄၅ တပ်ရင်းတွင်မူ တပ်ရင်းမှူး၊ တပ်ရင်းဗိုလ်ကြီး၊ တပ်ကြပ်၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီး အရာခံ အပါအဝင် အားလုံး မူးယစ်ဆေး သုံးစွဲကြကြောင်း အဆိုပါ တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သူ ပစ တပ်သား ကိုဉာဏ်မျိုးအောင်က ပြောဆိုသည်။
“CQ ကြီး မျိုးမင်းထွန်း ကိုယ်တိုင်က ဆေးရောင်းတယ်။ သုံးစွဲသူတွေက တပ်ရင်းမှူး၊ တပ်ရင်းဗိုလ်ကြီး၊ တပ်ကြပ်၊ ဒုတပ်ကြပ်၊ တပ် ကြပ်ကြီး အရာခံဗိုလ် အားလုံးက သုံးတယ်။ ဆေးကြောင်ကြောင်ပြီး ရူးသွားတဲ့ လူလည်း ရှိတယ်။ ဆေးသုံးပြီး ထိန်းမရလို့ ဗိုလ်ကင်းထဲ ထည့်ထားရသူလည်း ရှိတယ်။ လတ်တလောမှာတင် ဗိုလ်ကင်းမှာ တာဝန်ယူနေရသူက ဆေးသုံးပြီး သူ့သမီးကို ဆေးကြောင်ကြောင်ပြီး MA 3 နဲ့ ပစ်လိုက်တာ။ လက်မောင်းရှပ်ထိမှန်သွားတာ”ဟု အလင်းဝင်ရောက်ခဲ့သူ ပစ တပ်သား ကိုဉာဏ်မျိုးအောင်က ပြောဆိုသည်။
စစ်တပ်အတွင်း ပြည်သူ့စစ်များအပါအဝင် စစ်သားများကို တော်လှန်ရေးဘက်တော်သားများထံသို့ အလင်းဝင်ရန် ကြိုးစားပါက သတ်ပစ်မည်ဖြစ်ပြီး ၎င်းတို့လက်မှ ထွက်ပြေးလျှင်လည်း လွတ်မည်မဟုတ်ဟု ခြိမ်းခြောက်ထားကြောင်း၊ တော်လှန်ရေးဘက်သို့ ရောက်ရှိပါကလည်း တော်လှန်ရေးဘက်တော်သားများက အလင်းဝင်သော စစ်သားများကို ရက်ရက်စက်စက် သတ်ဖြတ်လိမ့်မည်ဟု ဝါဒဖြန့် ခြိမ်းခြောက် ထားကြောင်း သိရှိရသည်။
“ကျွန်တော်တို့ ကြောက်အောင် ခြောက်ထားတယ်။ ဟို တော်လှန်ရေးဘက် ဝင်ပြီဆိုတာနဲ့ သူတို့ သိချင်တာ မေးပြီးလို့ရှိရင်၊ သိချင်တာ သိပြီဆိုတာနဲ့ သတ်ပစ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်ထားတယ်။ ထွက်ပြေးလည်း လွတ်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ အဲ့လို ခြိမ်းခြောက်တာ။ ကျွန်တော်တို့လည်း အဲ့ဒါ သူတို့ ပြောစကားကို ယုံပြီးတော့ အဲ့ဒါနဲ့ အဲ့လို ထွက်မပြေးဘဲနဲ့ ဒီတိုင်း ဆက်နေတယ်။ အဲ့ဒါ ကြာလာတော့ သူတို့ နှိပ်စက်တဲ့ဒဏ်တွေ မခံနိုင်လို့ဆိုပြီးတော့ ဒီဘက် တော်လှန်ရေးဘက်ကို လာတယ်။ လာရောက်လာတော့လည်း ကျွန်တော်တို့ တော်လှန်ရေးဘက်ကို ရောက်ပြီဆိုတာနဲ့ သူတို့ ပြောသလို မဟုတ်ဘဲနဲ့ နွေးနွေးထွေးထွေး ရောက်ကတည်းက နွေးနွေးထွေးထွေးနဲ့ ကြိုဆိုတယ်။ ဟို ညီလို၊ အစ်ကိုလို ဆက်ဆံတယ်။ စားသောက်၊ နေတာ၊ ထိုင်တာက အစ မဟုတ်ဘူး တန်းတူညီတူ နေရတာ။ ပင်ပင်ပန်းပန်းလည်း ဘာမှ မလုပ်ရဘူး။ သူတို့ ပြောသလိုလည်း ရိုက်တာ၊ နှက်တာလည်း ဘယ်သူမှ မရှိဘူး။ ဒီဘက်မှာ အကုန်လုံး အဆင်ပြေတယ်” ဟု အလင်းဝင်ရောက်လာသူ ပစ တပ်သား ကိုစည်သူကျော်က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်မှာ တစ်နေ့ တစ်ခြား အလွန်ဆိုးရွားလာပြီး ပြည်သူလူထုကို ဖိနှိပ်ညှဉ်းပန်းမှုများ အဆက်မပြတ်လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် စစ်တပ်မှ တပ်သားများအနေဖြင့် တော်လှန်ရေး တပ်များနှင့် အမြန်ဆုံးပူးပေါင်းကြစေလိုကြောင်း၊ မြန်မာနိုင်ငံအသီးသီးရှိ လူငယ်များအနေဖြင့် မတရား ပေါ်တာဆွဲ၍ စစ်ထဲဆွဲသွင်းမည်ကို မခံဘဲ တော်လှန်ရေးတပ်များနှင့် ပူးပေါင်း ပြန်တော်လှန်ကြရန် အလင်းဝင် တပ်သားများက ထုတ်ဖော်ပြောဆိုထားသည်။






