25 C
Yangon

မြေပြင်စိုးမိုးထိန်းချုပ်နယ်မြေများကို လက်တွေ့ကျကျ စီမံအုပ်ချုပ်နိုင်ရေး NUG ကိုပြုပြင်ပြောင်းလဲလိုက်ပြီး ဝန်ကြီးဌာန ၁၇ ခုမှ ၁၂ ခုအထိ လျှော့ချကာ ဌာနတချို့ ပေါင်းစည်းခြင်း ဖျက်သိမ်းခြင်းများ လုပ်ဆောင်ဟု ဝန်ကြီးချုပ် ပြော

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၉

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မြေပြင်စိုးမိုးထိန်းချုပ်နယ်မြေများကို လက်တွေ့ကျကျစီမံအုပ်ချုပ်နိုင်ရေး NUG ကိုပြုပြင်ပြောင်းလဲလိုက်ပြီး ဝန်ကြီးဌာန ၁၇ ခုမှ ၁၂ ခုအထိ လျှော့ချကာ ဝန်ကြီးဌာနတချို့ ပေါင်းစည်းခြင်း ဖျက်သိမ်းခြင်းများ လုပ်ဆောင်လိုက်ကြောင်း NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်သည်။

NUG ၏ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်ပြီး ပြည်သူများသို့ ဝန်ကြီးချုပ်က အထက်ပါအတိုင်း အသိပေး ပြောဆိုလာခြင်းဖြစ်ပြီး ဝန်ကြီးဌာနများကို ပေါင်းစည်းခြင်းနှင့် ဖျက်သိမ်းခြင်းများ လုပ်ဆောင်ခဲ့ခြင်းမှာ အစိုးရကို ထိထိရောက်ရောက် ကျစ်ကျစ်လျစ်လျစ် ဖြစ်စေရန် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“တိုးတက် ပြောင်းလဲလာတဲ့ တော်လှန်ရေးရဲ့အခြေအနေတွေအရ မြေပြင်စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ လက်တွေ့ကျကျ စီမံအုပ်ချုပ်ရေးတွေ လုပ်ဆောင်နိုင်ဖို့နဲ့ အကန့်သတ်ရှိနေတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ၊ ဘဏ္ဍာငွေအရင်း အမြစ်တွေကို ထိထိရောက်ရောက်နဲ့ကျစ်ကျစ်လစ်လစ် အကျိုးရှိ အောင်အသုံးပြုနိုင်ဖို့အတွက် ဝန်ကြီးဌာနကို ၁၇ ခုမှ ၁၂ ခုထိလျှော့ချဖွဲ့စည်းခဲ့ပါတယ်။ ဝန်ကြီးဌာနအချို့ဟာ လုပ်ပိုင်ခွင့်နဲ့တာဝန်တွေ ထပ်တူနီးပါးဖြစ်နေတာကြောင့် ပေါင်းလိုက်ရတာမျိုးရှိသလို တချို့ဌာနများကတော့ လက်ရှိတော်လှန်ရေးကာလအတွင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အကန့်အသတ်ရှိသည့်အတွက် ဖျက်သိမ်းလိုက်ရတာမျိုးလည်းရှိပါတယ်။ တချို့ဌာနတွေ ကိုတော့ဝန်ကြီးဌာနအနေနဲ့မဟုတ်တော့ပဲ ဌာနကြီးသဖွယ် စုဖွဲ့ လုပ် ဆောင် သွားဖို့လည်းရှိပါတယ်” ဟု NUG ဝန်ကြီးချုပ်က ပြောဆိုသည်။

NUG အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းနိုင်ရေး ကြိုးပမ်းနေကြောင်း၊ လတ်တလော အကန့်အသတ်များစွာ ရှိနေသောကြောင့် ပထမအဆင့်အနေဖြင့်သာ NUG ပြုပြင်ပြောင်းလဲရေးကို ဦးစားပေး ဆောင်ရွက်ခဲ့ကြောငး ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

“ပိုမိုထိရောက်တဲ့အစိုးရဖြစ်စေဖို့ ပိုမိုအားကောင်းတဲ့စုဖွဲ့မှုမျိုးဟာ မဖြစ်မနေလိုအပ်တယ်ဆိုတာကိုလည်း ကောင်းစွာ သဘောပေါက်တဲ့အတွက် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ ကျယ်ပြန့်စွာပါဝင်နိုင်ဖို့အတွက် ကြိုး စားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တိုင်းရင်းသားလက်နက်ကိုင်အင်အားစုကြီးတွေဟာ အမျိုးသားညီညွတ်ရေး အစိုးရမှာပူးပေါင်းပါဝင်ပြီး တော်လှန်ရေးရှေ့ခရီးကို အတူတကွဆက်ဖို့ရန်အတွက် သမိုင်းကြောင်းနောက်ခံ အကြောင်းအရာများနှင့် အကန့်အသတ်များရှိနေကြပုံပေါ်ပါတယ်။ ဒါ့ကြောင့်ဒီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ရဲ့ ပထမအဆင့်မှာတော့ အစိုးရတွင်းပြုပြင် ပြောင်းလဲရေး ကိုသာ ဦးစွာဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

NUG အနေဖြင့် ဒုတိယအဆင့်၊ တတိယအဆင့် ပြုပြင်ပြောင်းလဲရေးများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်ကိုလည်း ဖွဲ့စည်းသွားနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သူက ထုတ်ဖော်ပြောဆိုသည်။

“ဒုတိယအဆင့်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာတော့ အခုကျစ်ကျစ်လစ်လစ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေရဲ့ ကိုယ်စားပြုမှုတွေပိုမိုပါဝင်နိုင်မယ့် ပြည်သူတွေမျှော်လင့်တောင့်တနေကြတဲ့ အားကောင်းတဲ့အစိုးရတရပ် ဖွဲ့စည်းနိုင်ဖို့ရည်ရွယ်ပါတယ်။ တတိယအ ဆင့်ကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ လမ်းပြမြေပုံထဲကအတိုင်း အကြမ်း ဖက်စစ်အုပ်စုကို အပြီးတိုင်ဖြုတ်ချပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရတရပ်ကို ဖွဲ့စည်းသွားနိုင်ဖို့ပဲဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးပထမအဆင့်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ လက်တွေ့တော်လှန်ရေးကိုဦးဆောင်နေ ရတဲ့ အစိုးရအဖွဲ့ကို ကျစ်လစ်ခိုင်မာပြီး တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ အစိုးရတရပ်ဖြစ်စေဖို့ပဲဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆက်လက်ပြောဆိုသည်။

ပြုပြင်ပြောင်းလဲလိုက်သော NUG အစိုးရအဖွဲ့တွင် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က နိုင်ငံတော်အကြီးအကဲ၊ အစိုးရ ခေါင်းဆောင်များအဖြစ် ဆက်လက်ပါဝင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article