အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလက် အောက်ရှိ သစ်တော၊ ပတ်ဝန်းကျင် ကဏ္ဍ၏ သယံဇာတစီမံခန့်ခွဲမှု ကဏ္ဍမှ ဝန်ထမ်းများကို အသက် အန္တရာယ် ခြိမ်းခြောက်ခံရမှုရှိနေသဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ လုပ်ငန်းတာဝန်များ ယာယီ ရပ်ဆိုင်းကြောင်း ကြေညာလိုက်သည်။
အမျိုးသားညီညွတ် ရေးအစိုးရ စိုးမိုးနယ်မြေများအတွင်း သဘာဝသယံဇာတများ ရေရှည်တည်တံ့ စေ ရေး၊ ဒေသတွင်း လူ မှု စီးပွား အခြေခံလိုအပ်ချက်အတွက် သဘာဝသယံဇာတမှ အထောက်အပံ့ဖြစ် စေရေး၊ အခွန်ဝင်ငွေ များရရှိရေးတို့ကို ဘက်စုံထောင့်စုံမှထည့်သွင်းစဉ်းစားလျက် သယံဇာတစီမံအုပ် ချုပ်မှုဆိုင်ရာ ကြားကာလ အရေးပေါ်လုပ်ထုံးလုပ်နည်းများ (သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍနှင့် သတ္တု၊ ကျောက်မျက် ကဏ္ဍ) အား အစိုးရအဖွဲ့၏ လမ်းညွှန်မှုအောက်တွင် ရေးဆွဲကျင့်သုံးလျက်ရှိပြီး သယံဇာတ စီမံခန့်ခွဲ မှုများ၊ အရေးယူထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်သည်အထိ ဝန်ကြီးဌာန စတင် ဖွဲ့စည်းသည့် ကာလမှ စတင်၍ စွမ်းဆောင်ရည်မြှင့်တင်မှုအဆင့်ဆင့်ကို တည်ဆောက်လာခဲ့ကြောင်း NUG အစိုးရက ပြောဆိုထားသည်။
ကြားကာလအရေးပေါ်လုပ်ထုံးလုပ်နည်းများနှင့်အညီ သစ်နှင့်သစ်တောထွက်ပစ္စည်းများ စီမံခန့်ခွဲရာ တွင် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်သယ်ဆောင်မှုကို စိစစ်အရေးယူခြင်း၊ ဒဏ်ကြေးကောက်ခံခြင်း၊ ဒေသတွင်းအသုံးပြုမှုအတွက် အခွန်ဒဏ်ကြေးဖြင့် သယ်ဆောင်ခွင့်ပြုခြင်း လုပ်ငန်းများမှ တော်လှန်ရေးကာလ အခြေအနေအရပ်ရပ်နှင့် လျော်ညီသည့် ဌာနဖွဲ့စည်းပုံ၊ ဝန်ထမ်း အင်အား စုဖွဲ့မှု၊ ဆက်စပ်ဌာန/အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်သည့်နည်းလမ်းများကို အ သုံးပြု၍ ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ တော်လှန်ရေးအစိုးရအတွက် ဘဏ္ဍာရန်ပုံငွေ ကျပ် ၂၈ ဘီလီယံကျော် ရှာဖွေပေးနိုင်ခဲ့ကြောင်း အသိပေးထားသည်။
ဝန်ကြီးဌာနလုပ်ငန်းများ စနစ်တကျလည်ပတ်နိုင်ရေးအတွက် အင်အား ၈၀% ခန့်မှာ အကြမ်းမဖက် အာဏာဖီဆန်မှုတွင် ပါဝင်လျက်ရှိကြသော ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၏ စေတနာ့ ဝန် ထမ်း တာဝန်ထမ်းဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
အစိုးရ၏ မူဝါဒ၊ ကြားကာလ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဝန်ထမ်းများက လုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံခန့်ခွဲခွင့် မူဘောင်ကို ကျော်လွန်စွက်ဖက်မှုများ၊အ တားအဆီးနှင့် ဖိအားပေးမှုများ၊ ပဋိပက္ခများ၊ နှုတ်အားဖြင့်သော်လည်းကောင်း လက်နက်အားကိုးဖြင့် သော်လည်းကောင်း အန္တရာယ်ပြု ခြိမ်းခြောက်မှုများ၊ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ ပေါ် ပေါက်လာခဲ့ကြောင်း သိရသည်။
ထိုသို့ ပေါ်ပေါက်လာသည့်အတွက် ဖြစ်စဉ်အလိုက် ထိုက်သင့်သော ဖြေရှင်းမှုရရှိရန် ဝန်ကြီးဌာန၏ တာဝန်ရှိသူများက အစိုးရအဖွဲ့အတွင်း အဆင့်ဆင့် ကြိုးစားညှိနှိုင်းဖြေရှင်းရန် လုပ်ဆောင်ခဲ့သော် လည်း တိုးတက်မှုမရရှိဘဲ ဝန်ကြီးဌာန ဝန်ထမ်းများနှင့် သစ်နှင့်သစ်တောထွက်ပစ္စည်း စီမံအုပ်ချုပ်မှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အုပ်ချုပ်ရေးနှင့် လုံခြုံရေးဝန်ထမ်းများအတွက်ပါ စီမံခန့်ခွဲမှုအခက်အခဲများနှင့် အန္တရာယ်မကင်းသည့် အခြေအနေများကို ဆက်လက်ကြုံတွေ့ခဲ့ရ သည်ဟု ဆိုသည်။
သို့ဖြစ်ပါ၍ ဝန်ကြီးဌာန၏ သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍအနေဖြင့် သစ်နှင့်သစ်တောထွက်ပစ္စည်း များ တရားမဝင်ထုတ်လုပ်သယ်ဆောင်မှုကို တားမြစ်အရေးယူခြင်းနှင့် အခွန်ဒဏ်ကြေး ကောက်ခံ ခြင်း အပါအဝင် စီမံခန့်ခွဲမှုကိစ္စအရပ်ရပ်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ပါဝင်ဆောင် ရွက်ခြင်း မပြုတော့ဘဲ ယာယီရပ်ဆိုင်းလိုက်ကြောင်း ကြေညာထားသည်။
အစိုးရအဖွဲ့နှင့် ပြည်သူ့အုပ်ချုပ်ရေးတွင် သစ်သယံဇာတဆိုင်ရာ နည်းပညာပိုင်း လိုအပ်ချက်ရှိပါက အကြံဉာဏ်ပေး အထောက်အကူပြုခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးခြင်း လုပ် ငန်း များကိုသာ ဆက်လက်ဆောင်ရွက်သွားရန် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့၌ ကျင်းပ ပြုလုပ်သည့် သစ်တောနှင့် ပတ်ဝန်းကျင်ရေးရာကဏ္ဍ၊ စီမံခန့်ခွဲမှုကော်မတီ ၂၂/၂၀၂၅ အစည်းအဝေး ၌ ဆုံးဖြတ် အတည်ပြုခဲ့ကြောင်း သိရသည်။
ဝန်ကြီးဌာန၏ သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍမှ သစ်နှင့်သစ်တောထွက်ပစ္စည်းများစီမံခန့်ခွဲမှုကို ရပ် ဆိုင်းခြင်းသည် ဝန်ထမ်းများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကို ရှေးရှု၍ သယံဇာတစီမံ အုပ် ချုပ်မှု ပဋိပက္ခများ လျှော့ချရေးကိုသာ ဦးတည်ခြင်းဖြစ်သည်ဟု ဆိုသည်။
သစ်တော၊ ပတ်ဝန်းကျင် ကဏ္ဍ ဝန်ထမ်းများအားလုံးသည် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် အများပြည်သူတရပ်လုံးနှင့်အတူ တော်လှန်ရေး ရပ်တည်ချက်နှင့် ယုံကြည်မှုများကို ဆက်လက် ကိုင် စွဲ၍ စစ်အာဏာရှင်အမြစ်ပြတ် သည်အထိ တော်လှန်ရေးတွင် မမှိတ်မသုန် ပါဝင်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။





