30 C
Yangon

အကြမ်းဖက်စစ်တပ်က ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်နှင့်မြောက်ဦးမြို့နယ်တို့ကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ၊ မြောက်ဦးဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်သော အချက်အလက်များ ပေးပို့ကြရန် ကုလသမဂ္ဂIIMM က တောင်းခံ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်နှင့်မြောက်ဦးမြို့နယ်တို့ကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူတချို့၏ ပြောဆိုချက်များအရ သိရှိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၉ နာရီအချိန်မှစတင်ပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးများ တိုက်ခိုက်မှုများ၊ ရော့ကတ် ဖြင့် ပစ်ခတ်မှုများ လုပ် ဆောင်ခဲ့ကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောရွာ၊ ဝါဘိုရွာ ဝန်းကျင်၊ ပေါက်တောမြို့နယ်၊ သဲခုံရွာ ဝန်းကျင်၊ မြောက်ဦးမြို့နယ်၊ရဲတပ်ရင်း ၃၁ ဝန်း ကျင်၊ ရသေ့တောင်မြို့နယ်၊ နှင့် မူစဲ ကျွန်း ဝန်းကျင် ၊ ရီပိုက်ဆုံ ကျေးရွာတို့ကိုလေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“မနေ့ည ၉ နာရီဝန်းကျင်က မြောက်ဦးမြို့ပေါ် ရပ်ကွက် ၃ ခု ဗုံးကျဲခံရတယ်လို့ သိရတယ်။ အခုထက်ထိတော့ ထိခိုက်သေဆုံးမှု သတင်း ဘာမှ မကြားရသေးဘူး” ဟု ရန်ကုန်အခြေစိုက် မြောက်ဦးဒေသခံလည်းဖြစ်၊ စစ်ဘေးရှောင်များကို ကူညီနေသူလည်းဖြစ်သည် ရခိုင်လူငယ်တစ်ဦးက ပြောဆိုသည်။

ယင်းအပြင် ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၀၀ နာရီ ၁၈ မိနစ်အချိန် ပုဏ္ဏား ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာတချို့ကိုလည်း စစ်တပ်က ဂျက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ နံနက် ၀၀ နာရီ ၂၀ မိနစ်အချိန် ရသေ့တောင်မြို့နယ် ရေပိုက်ဆုံ (ရီပိုက်ဆုံ)ကျေးရွာကိုလည်းကောင်း စစ်တပ်က လေကြောင်းတိုက်ခိုက်သွားကြောင်း AA က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ ပြည်သူ ၃၃ ဦးသေဆုံးခဲ့သော မြောက်ဦးဆေးရုံကို စစ် တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုအပေါ် နိုင်ငံ တကာအသိုင်းအ၀ိုင်းက ရှုတ်ချနေကြပြီး ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းရေးယန္တရား IIMM ကလည်း မြောက်ဦးပြည်သူ့ဆေးရုံကို လေကြောင်းမှတိုက်ခိုက်ခဲ့သည့်ဖြစ်ရပ်ကို မျက် မြင် ကြုံတွေ့သူများ သို့မဟုတ် တိုက်ရိုက်သိရှိထားသူများရှိပါက သတင်းအချက် အလက် မျှဝေပေးရန် ကြေညာချက်တစ်ရပ်ထုတ်ပြန်သည်။

မြောက်ဦးမြို့နယ်ရှိ လူနာများအပြည့်ရှိနေသည့် ကုတင် ၃၀၀ ဆေးရုံကို ဒီဇင် ဘာလ ၁၀ ရက်နေ့တွင် စစ်တပ်က လေကြောင်းမှတိုက်ခိုက်ရာ အနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့ပြီး၊ ၇၀ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း၊ နိုင်ငံတကာဥပဒေအရ ဆေးရုံကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ရာနေရာများကို အရပ်သားများ၏နေရာများအဖြစ်သတ်မှတ်ထားပြီး တိုက်ခိုက်ခြင်းမပြုရန် ကာကွယ်ထားကြောင်း၊ ထိုသို့အကာအကွယ်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ နာမကျန်းဖြစ်နေသူများ၊ ဒဏ်ရာရသူများလည်း ပါဝင်ကြောင်း၊ အကာအကွယ်ပေးထားသည့် လူပုဂ္ဂိုလ်များ သို့မဟုတ် နေရာများကို ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်ပါက နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ပြီး စစ်ရာဇဝတ်မှုလည်း မြောက်နိုင်ကြောင်း IIMM က သတိပေးသည်။

မြောက်ဦးဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုမှာ ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလတွင် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆေးရုံများအား လေကြောင်းမှတိုက်ခိုက်မှုများအနက် အသေအပျောက်အများဆုံး ဖြစ်ရပ်တစ်ခုလည်း ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပွားလျက်ရှိသော ပဋိပက္ခများနှင့် အကြမ်း ဖက်မှုများကြောင့် အရပ်သားများသည် အခြေခံဝန်ဆောင်မှုများရရှိရန် ခက်ခဲနေသည့်အချိန်တွင် မြန်မာနိုင်ငံအနှံ့ရှိ ဆေးရုံဆေးခန်းများကို အကြိမ်ရေများစွာ တိုက်ခိုက်သောကြောင့် ဝန်ဆောင်မှုရရှိရန် ပို၍ ခက်ခဲလာကြောင်း IIMM က ထောက်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုကို ကိုယ်တွေ့ရင်ဆိုင်ခဲ့ရသည့် အသက်ရှင်ကျန်ရစ်သူများ၊ လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အခြားသက်သေများ သို့မဟုတ် အဖွဲ့အစည်းများထံမှ အချက်အလက်များကို ယန္တရားက တောင်းခံလိုကြောင်း၊ထို့ကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရသူများစာရင်း၊ သက်ဆိုင်ရာ ဓါတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ အပါအဝင် ထိခိုက်ခံရသူများ၏ အချက် အလက်များ အပျက်အစီးများကို ပြနိုင်သည့် ဓါတ်ပုံ၊ ဗီဒီယို၊ ဒရုန်းရိုက်ချက်များနှင့် အခြားမှတ်တမ်းမှတ်ရာ ပေးပို့ကြရန် IIMM က တောင်းခံထားသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဆေးရုံနှင့် အနီးတဝိုက်ရှိအဆောက် အအုံများ၏ အချက်အလက်များ၊ မည်သည့်လေတပ်စခန်းက စေလွှတ်လိုက်သည်ဆိုသည့် အချက်အလက်အပါအဝင် ယင်းတိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည် လေယာဥ်နှင့် ဆက်စပ်သော အချက်အလက်များ၊ လက်နက်အပိုင်းအစများပါဝင်သည့် ဓါတ်ပုံ၊ ဗီဒီယိုများအပါအဝင် တိုက်ခိုက်မှုတွင် အသုံးပြုသည့် လက်နက်များအကြောင်း အချက်အလက်များ၊လေယာဥ်ဆီတင်သွင်းမှုဆိုင်ရာအချက်အလက်များ အပါအဝင် ယင်းတိုက်ခိုက်မှုဖြစ်မြောက်စေရန် ငွေကြေးနှင့် အခြားပံ့ပိုးမှုများ၊လေယာဥ်မှူးများနှင့် အခြားအမိန့်ပေးသောပုဂ္ဂိုလ်များအပါအဝင် တိုက်ခိုက်မှုတွင် တိုက်ရိုက်ပါဝင်သူများအကြောင်း၊တိုက်ခိုက်မှု မစခင် ထိုနေရာမှ စွန့်ခွာရန် သတိပေးမှုများ ရှိ၊ မရှိ စသည့်အချက် အလက်များ မျှဝေပေးရန် IIMM က တောင်းခံလိုက်သည်။

မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ မည်သူမဆို သက်ဆိုင်ရာအချက်အလက်များ လက်ဝယ်ရှိထားပါက IIMMယန္တရား၏ Signal နံပါတ် +41 76 691 12 08 သို့ စာများအလိုလျောက်ပျောက်ကွယ်သည့်စနစ် (disappearing message) ကို အသုံးပြုကာ ဆက်သွယ်ရန် တိုက်တွန်းကြောင်း၊ အီးမေးလဖြင့် ဆက်သွယ်လိုပါက ယန္တရား၏ Proton Mail လိပ်စာ [email protected]. သို့ ပေးပို့နိုင်ကြောင်း၊ အီးမေးလ်ပို့လိုပါက Proton Mail အချင်းချင်း ပေးပို့မှသာ လုံခြုံမှာဖြစ်ပြီး Proton Mail လိပ်စာကို အခမဲ့ ဖွင့်နိုင်ကြောင်း IIMM က ကြေညာချက် ထုတ်ပြန်သည်။

IIMM ယန္တရားအနေဖြင့် လူပုဂ္ဂိုလ်များ၏ လုံခြုံရေးကို အလေးထားပြီး ၎င်းတို့မျှဝေလိုက်သော အချက်အလက်များ၊ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို အထူးလျှို့ဝှက်စွာထားရှိသည်။ ယန္တရားထံ ဆက်သွယ်ရာတွင်လည်း လုံခြုံစိတ်ချရသည့် အချိန်မှသာ ဆက်သွယ်ရန် တိုက်တွန်းထားသည်။

ဓာတ်ပုံ- ယခုနှစ် ဇန်နဝါရီလအတွင်း ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article