ရန်ကုန်၊ ဒီဇင်ဘာ ၁၄
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အစိုးရက နိုင်ငံနှင့်မကိုက်ညီသော နိုင်ငံခြားသားအကြံပေးများ၏ အကြံဉာဏ်အတိုင်း ဩဇာခံ ဆောင်ရွက်ခဲ့သဖြင့် မြန်မာနိုင်ငံ စီးပွားရေးကျဆင်းခဲ့ရကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အပြစ်တင်ပြန်သည်။
ယမန်နေ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်တွေ့ဆုံတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိခဲ့ပြီး ဒီမိုကရေစီဒုတိယအစိုးရအဖြစ် နိုင်ငံ၏ တာဝန်များကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ တာဝန်ယူ ဆောင်ရွက်ချိန်တွင် ပြည်သူလူထုက ၎င်းတို့အပေါ် များစွာ မျှော်လင့်ထားခဲ့သော်လည်း စီမံခန့်ခွဲမှု အတွေ့အကြုံ အားနည်းမှုများ၊ ယခင်အစိုးရ၏ လုပ်ဆောင်မှုများကို အတိုက်အခံဆောင်ရွက်မှု များကြောင့် စီးပွားရေးအရ အားနည်းချက်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ စတင်တာဝန်ယူစဉ် ၂ နှစ်အတွင်း ပြည်ပအကူအညီများစွာ ရရှီခဲ့ပြီး နိုင်ငံ့စီးပွားရေး အားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် စီမံခန့်ခွဲမှု အားနည်းခြင်း၊ ပြည်ပနိုင်ငံများမှ အထောက်အပံ့များဖြင့်သာ စီးပွားရေးလည်ပတ်လျက်ရှိခြင်း၊ ပြည်တွင်း စီးပွားရေးအားပေးမှု မရှိခြင်း၊ ပြည်တွင်းကုတ်ထုတ်လုပ်မှုများ မရှိခြင်း၊ နိုင်ငံ၏ ပကတိအခြေအနေနှင့် မကိုက်ညီသည့် နိုင်ငံခြားသား အကြံပေးများ၏ အကြံဉာဏ်များအတိုင်း ဩဇာခံ ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံ့ စီးပွားရေး ကျဆင်းခဲ့ကြောင်း မင်းအောင်လှိုင်က အပြစ်တင်သည်။
ပြည်သူလူထုက ၎င်းတို့အပေါ် အယုံအကြည်အားနည်းလာသဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ရန် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့ချိန်တွင် မဲမသမာမှုများကိုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်တွေ့ရှိရကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
စစ်တပ်က တာဝန်ယူထားချိန်တွင် စီးပွားရေးနှင့်ပတ်သက်၍ စီးပွားရေးအရ ပိတ်ဆို့မှုများ ရှိခဲ့ပြီး ပြည်ပထောက်ပံ့မှုများစွာ လျော့နည်းသွားခဲ့ကြောင်း၊ ထို့ပြင် ပြည်ပနိုင်ငံများသို့ ပေးဆပ်ရန် ကျန်ရှိနေသည့် ကြွေးမြီများကို ပြန်လည် ပေးဆပ်နိုင်ရေး ဆောင်ရွက်ခဲ့ရကြောင်း၊ ခေတ်အဆက်ဆက် အချက်အလက်များ မှန်ကန်စွာ မရရှိ၍ နိုင်ငံ၏ အကျိုးစီးပွားကို ထိခုက်စေခဲ့ကြောင်း မင်းအောင်လှိုင်က ဆိုသည်။
မင်းအောင်လှိုင်သည် စစ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်မှစတင်၍ NLD အစိုးရကို တောက်လျှောက်ဆိုသလို ဝေဖန်တိုက်ခိုက်ခဲ့ပြီး လက်ရှိ ၅ နှစ်ကာလကြာသည်အထိ နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အခြေအနေများမှာ NLD အစိုးရကြောင့် ဖြစ်သည်ဟု ပြစ်တင်ဝေဖန်မှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။




