23 C
Yangon

ဝက်လက်ရှိ ကျေးရွာများကို စစ်တပ်က ဒီဇင်ဘာလ အတွင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးကျော်ရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ အတွင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးကျော်ရှိကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ နတ်မှော်ဦးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၅ လုံးလည်းပျက်စီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ ထုံးဘိုရွာ တောင်ဘက်ရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော သန်းကုန်းတောတိုက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၈ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ် အစပ်ရှိ ခရီးသွားပြည်သူများ၏ ကားတန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် သံဃာတော် ၁ ပါးအပါအဝင် ပြည်သူ ၄ ဦး သေဆုံးကာ ကား ၃ စီး မီးလောင်ပျက်စီးခဲ့ပြီး ကား ၃ စီးမှာလည်း ဗုံးစ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ ဆည်တောရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ ကား ၃ စီးပျက်စီးပြီး နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ်၊ ထုံးဘိုရွာ တောင်ဘက်ရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော သန်းကုန်းတောတိုက်ကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၃ ဦးထိခိုက် ဒဏ်ရာရပြီး နေအိမ် တချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“ဒီနေ့လည်း စစ်ခွေးတွေက စစ်ရှောင်ပြည်သူတွေနေထိုင်တဲ့ သန်းကုန်းတောတိုက်ကို ထပ်မံ ဗုံးကျဲလို့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့လည်း ပျက်စီးတယ်။ ပြည်သူတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေတယ်။ ဝက်လက်မြို့နယ် အတွင်းကို စစ်ခွေးတွေက နေ့စဉ်ကို ဗုံးကျဲ သတ်ဖြတ်နေတာ” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article